
နေပြည်တော် ဇူလိုင် ၁၉
ဖားကန့်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇူလိုင် ၁၈ ရက် မွန်းတည့် ၁၂ နာရီတွင် ဖားကန့် မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ယူမာကျေးရွာအနီးတွင် ယော်ထန်(ခ) မာယော် မောင်းနှင်ပြီး မလဲ့လဲ့ဆွေ(ခ)ဆွေဆွေထွန်း လိုက်ပါလာသည့် Land Cruiser အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၁ ဒသမ ၉၈ ကီလို၊ ဘိန်းဆီခဲ ၄ ကီလိုကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင် ရပ်ကွက် ၆၅ လမ်း၊ ၃၁ X ၃၂ လမ်းကြားတွင် မကြွယ်ကြွယ်ဦး(ခ)မိကြွယ် မောင်းနှင်ပြီး တင်မောင် ဝင်း (ခ) ယီစွတ်နှင့် မသီတာတို့ လိုက်ပါလာသည့် Suzuki Ertiga အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၀၅ ပြား သိမ်းဆည်းရမိပြီး ကွင်းဆက်အရ ညနေ ၅ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ် တောင်မြင့်ရပ်ကွက်နေ စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ မနှင်း(ခ)နှင်းနှင်းကို ၎င်း၏နေအိမ်၌ လည်းကောင်း။
ထို့အတူ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ် ဗမွန် ကျေးရွာအုပ်စု ပန်းမထိပ်ကျေးရွာရှိ ပူးပေါင်းစစ်ဆေး ရေးဂိတ်တွင် ငွေထွန်း မောင်းနှင်လာသည့် ဆိုင်ကယ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ အိုက်စ် ၀ ဒသမ ၉ ကီလို ကိုလည်းကောင်း၊ အလားတူ ဇူလိုင် ၁၇ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သံဖြူ ဇရပ်မြို့နယ် စခန်းကြီးကျေးရွာအုပ်စု စခန်းကြီး ကျေးရွာအဝင် သံဖြူဇရပ်-ရေး သွားကားလမ်းတွင် ဦးစိုး(ခ)ဦးဝိုင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
သတင်းစဉ်