
နေပြည်တော် ဇွန် ၁၂
မြို့နယ်အချို့၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့က ခရီးသည်တင် ယာဉ်များအား မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ ကုန်တင်ယာဉ်နှင့် ယာဉ်ပေါ်ပါကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်းများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်လုယက်မှုများ ပြုလုပ်လျက်ရှိရာ ဇွန် ၁၀ ရက် ည ၁၁ နာရီ မိနစ် ၅၀ တွင် တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်း မြို့နယ် ပိတောက်ကြီးကျေးရွာ ဘောလုံးကွင်းအနီး၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကုန်တင်ယာဉ်တစ်စီးအား တားဆီးကာ ယာဉ်ပေါ် ပါ ပစ္စည်းများအား လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်ကို စိစစ်ခဲ့ရာ ပဲဒက်ကျေးရွာနေ သက်ဇော်အေး(ခ)ပျူးပျူး(၂၇)နှစ် (ဘ)ဦးသန်းဝင်း မောင်းနှင်ပြီး တစ်ရွာတည်းနေ မိုးဟိန်း(၁၇)နှစ် (ဘ)ဦးညွန့်သိန်း လိုက်ပါလာသည့် 4Q/9026 ဟိုက်စီအမျိုးအစား အဖြူရောင်ယာဉ်သည် ပဲဒက်ကြီး ကျေးရွာမှ မှာယူထားသည့် ဆန်အိတ် ၄၀၊ သွပ်ပြားများနှင့် စားသောက် ကုန်များတင်ဆောင်၍ ထားဝယ်မြို့မှ ပဲဒက်ကြီးကျေးရွာသို့ ထားဝယ်-မြိတ်ကားလမ်းအတိုင်း မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၃၀ ခန့်က ယာဉ်အား ရပ်တန့်ခိုင်းပြီး ကုန်တင်ယာဉ်နှင့် ယာဉ်ပေါ်ပါကုန်ပစ္စည်းများအား လုယက်ယူဆောင်ကာ သက်ဇော်အေးနှင့် မိုးဟိန်းတို့အား ပြန်လည် စေလွှတ်ပြီး ပိတောက်ကြီးကျေးရွာ၏ မြောက်ဘက်ရှိ ကညင်ချောင်း ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အလားတူ ဇွန် ၁၁ ရက် နံနက် ၉ နာရီခွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီး အရာတော်မြို့နယ် ကမ်းပြူကျေးရွာ၏ အနောက်ဘက် ၅ ဖာလုံခန့်အကွာ မုံရွာ-အရာတော်-ရွှေဘို ကားလမ်းအတိုင်း မိုင်တိုင် အမှတ် ၂၂ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က ခရီးသည်တင်ယာဉ် တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်ကို စိစစ်ခဲ့ရာ ဦးဇော်မြင့် မောင်းနှင်ပြီး ဦးရန်ကြီး(စိစစ်ဆဲ)နှင့် ခရီးသည် ၂၀ တို့ လိုက်ပါလာသည့် ‘‘ကံရာမင်း” ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ် အမှတ် SGG-3B/4369 ဖြူ/နီကြား မှန်လုံယာဉ်သည် မုံရွာမြို့ဘက်မှ ရွှေဘိုမြို့ဘက်သို့ ထွက်ခွာလာစဉ် အခင်းဖြစ်နေရာအရောက် PDF အမည်ခံအကြမ်းဖက်အဖွဲ့က လမ်း၏ယာဘက်မှ လက်လုပ်မိုင်း ငါးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ယာဉ်၏ ကိုယ်ထည် ယာဘက်ခြမ်းရှိ ပြတင်းပေါက်မှန်များ၊ အရှေ့ယာဘက်ခြမ်း လေကာမှန်နှင့် ယာဉ်နောက်ဘီးအထက် ကိုယ်ထည်တို့တွင် မိုင်းစ ထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
ထိုကဲ့သို့ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များအား အကြမ်း ဖက်တိုက်ခိုက်လုယက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်