
နေပြည်တော် ဇွန် ၁၆
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမား များသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာ သင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေး လာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များ ဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေး ဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်း များနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံး စာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မ လုယူခြင်း စသည့်နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၅ ရက် နံနက် ၉ နာရီခွဲတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် ကျောက္ကူပြင်ကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲ၌ ပညာသင်ကြားလျက်ရှိသည့် ကလေး သူငယ်များ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး အတွက် လုံခြုံရေးဆောင်ရွက်ပေးနေသည့် ဆင်နက် ချောင်းကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးအောင်အောင်ဆန်း (ခ) ကိုအောင်(၃၅)နှစ် (ဘ)ဦးမြစိုးသည် အဆိုပါကျောင်းအရှေ့ရှိ “မင်းထက်သာ” လက်ဖက်ရည်ဆိုင်၌ ထိုင်နေစဉ် ဆင်နက်ချောင်း ကျေးရွာဘက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် PDF အမည်ခံအကြမ်းဖက်သမား မုန့်စီလုံးနှင့် ဒီလုံး (စိစစ်ဆဲ)တို့ နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိ လာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးအောင်အောင် ဆန်း(ခ)ကိုအောင်မှ ဝင်ရောက်လုံးထွေးဖမ်းဆီးခဲ့သော်လည်း အကြမ်းဖက်သမား နှစ်ဦး ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး ဦးအောင်အောင်ဆန်း(ခ)ကိုအောင်၏ ဝဲလက်မောင်းနှင့် လက်ဖျံတို့တွင် ကျည်ထိမှန်ဒဏ်ရာ နှစ်ချက်ရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
အလားတူ ဇွန် ၁၅ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ် တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ စမ်းမြို့ ရပ်ကွက်ရှိ အမှတ်(၈)အခြေခံပညာအထက်တန်း ကျောင်းအား PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်လုပ်ဗုံးမှာ ကျောင်းဝင်ပေါက်အနီး ခြံစည်းရိုး အုတ်တံတိုင်းအပြင်ဘက် မြေကွက်လပ်၌ ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက် အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အလားတူ ဇွန် ၁၅ ရက် ညနေ ၃ နာရီ ၁၅ မိနစ် တွင် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ ကျပ်ပြင်အုပ်စု ကျပ်ပြင်မြို့မဈေးရပ်ရှိ အခြေခံပညာ အထက်တန်းကျောင်းအား PDF အမည်ခံအကြမ်း ဖက်သမား နှစ်ဦး(စိစစ်ဆဲ)က လက်လုပ်ဗုံးတစ်လုံး ဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်လုပ်ဗုံးမှာ ကျောင်းဝင်းအရှေ့ရှိ ကျောင်းစောင့်နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့် အဆောက်အဦ ထိခိုက်မှုမရှိကြောင်းနှင့် ထို့အတူ ညနေ ၃ နာရီခွဲ တွင် ကျပ်ပြင်မြို့မရပ်ရှိ အခြေခံပညာအထက် တန်းကျောင်းတို့အား PDF အမည်ခံအကြမ်းဖက် သမား နှစ်ဦး(စိစစ်ဆဲ)က လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်ပစ်ဗုံးမှာ ကျောင်းဝင်း အတွင်း ကျောင်းအုပ်ကြီးရုံးခန်းအနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ရုံးခန်းတွင်တပ်ဆင် ထားသည့် ပြတင်းတံခါးမှန်တစ်ချပ် ကွဲအက်ပျက်စီး ခဲ့ကြောင်း သိရသည်။
အလားတူ ဇွန် ၁၅ ရက် ညနေ ၄ နာရီခွဲတွင် ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့ကုန်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း၌ ကျောင်းစောင့်ဖြစ်သူ ဦးမျိုးထွန်း ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိလာပြီး ဦးမျိုးထွန်းထံမှ ကျောင်းခန်းတံခါးသော့များ ခြိမ်းခြောက်တောင်းယူကာ ကျောင်းဝင်းအတွင်း သိမ်းဆည်းထားရှိသည့် Black Board/White Board ၇ ချပ်၊ စာသင်ခုံသုံးယောက်ထိုင်ခုံအရှည် အစုံ ၅၀ ကျော်ခန့်အား လုယက်ယူဆောင်သွားကြောင်း သိရသည်။
ထို့အတူ ဇွန် ၁၅ ရက် ညနေ ၅ နာရီတွင် ရွှေကူမြို့နယ်အတွင်းရှိ သရက်ကုန်းကျေးရွာအုပ်စု နှုတ်ချိုကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၊ သရက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲ၊ သပြေလှကျေးရွာအုပ်စု သပြေလှကျေးရွာ ရှိ အခြေခံပညာအလယ်တန်းကျောင်း၊ ပါခိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ တိန်းဟွန်းကျေရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲနှင့် မဏိဩဂ ကျေးရွာအုပ်စု ကုန်းနုကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းတို့၌ ဇွန် ၁၃ ရက်က ဆရာ ဆရာမများမှ ကျောင်းသူ ကျောင်းသားများအား စာသင်ကြားပေးနေစဉ် PDF အမည်ခံအကြမ်းဖက် သမားများက စာသင်ခန်းများအတွင်းသို့ လက်နက် များ ကိုင်ဆောင်ဝင်ရောက်လာပြီး “ဆရာ ဆရာမ များအနေဖြင့် စာသင်ကြားမှုများအား ဆက်လက်မပြု လုပ်ရန်၊ ဆက်လက်သင်ကြားပါက ဖမ်းဆီးသတ်ဖြတ် ခြင်းခံရမည်ဟုလည်းကောင်း၊ ကလေးသူငယ် များအားလည်း စာသင်ကြားမှုမပြုဘဲ မိမိတို့၏ နေအိမ်၌သာနေကြရန်” ဟု လည်းကောင်း ခြိမ်းခြောက်ကာ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇွန် ၁၅ ရက် နံနက် ၈ နာရီခွဲတွင် ကချင် ပြည်နယ် ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ ဝင်ပေါက် အနီးရှိ လျှပ်စစ်ဓာတ်တိုင်ပေါ်၌ “ကျောင်းတက်နေ သည့် ကလေးသူငယ်များ ကျောင်းတက်ရောက်ခြင်း မပြုရန်၊ မိဘများမှလည်း မိမိတို့၏ကလေးများအား ကျောင်းထားခြင်းမပြုရန်၊ NUG ၏လမ်းညွှန်ချက်များ အား လိုက်နာရန်နှင့် ကျောင်းတက်နေသည့် ကလေး သူငယ်များအပေါ် ကျရောက်လာသည့် အန္တရာယ် များအား ၎င်းတို့မှ တာဝန်မယူကြောင်း” ရေးသား ထားသည့် A-4 စာရွက်တစ်ရွက်အား ကပ်ထား သည်ကို တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း နှင့် အဆိုပါကျောင်း၌ ကျောင်းသား ကျောင်းသူ ၂၅၃ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အလားတူ ဇွန် ၁၆ ရက် နံနက် ၅ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ ဟုမ္မလင်း ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး အဝင်တံခါး၌ လက်လုပ်မိုင်းတစ်လုံးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရုံးဝင်ပေါက်၌ လက်လုပ်မိုင်း တစ်လုံးနှင့်အတူ “HPDF-124 အဖွဲ့ ဗိုလ်ကွဲကြီးအမည်ပါ ကျွန်ပညာ ရေးစနစ် အလိုမရှိကြောင်း” ရေးသားထားသည့် စာရွက်တစ်ရွက်နှင့်အတူ တွေ့ရှိရသဖြင့် လက်လုပ် မိုင်းအား ဖောက်ခွဲရှင်းလင်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ် လျက်ရှိသည်။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ် လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေး လှုံ့ဆော်နေသည့် NUG ၊ PDF အမည်ခံအကြမ်းဖက် အဖွဲ့များအပေါ် ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများ ရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့ လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်း ထားကြောင်း သိရသည်။
သတင်းစဉ်