
နေပြည်တော် ဩဂုတ် ၃
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်လူငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့အား အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာ ရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ် ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီး ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့်နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍ မြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဩဂုတ် ၂ ရက် မွန်းလွဲ ၁ နာရီတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ် တုံးမဝကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းခွဲမှ အထွေထွေဝန်ထမ်း ဦးဗဒူ (၅၀)နှစ်သည် အဆိုပါကျောင်း၌ ပညာသင်ကြားနေသည့် ရီးမဝ ကျေးရွာမှ ကျောင်းသူ၊ ကျောင်းသား ခုနစ်ဦးတို့ကို ၎င်းမောင်းနှင်သည့် စက်လှေဖြင့် တင်ဆောင်၍ ရီးမဝကျေးရွာသို့ လိုက်ပါပို့ဆောင်ရန်အတွက် ကုလားတန်မြစ်ကြောင်းအတိုင်း ပြန်လည်မောင်းနှင် လာစဉ် ရီးမဝကျေးရွာသို့ မရောက်မီ နှစ်ဖာလုံခန့် အကွာအရောက်၌ ကုလားတန်မြစ်၏ ညာဘက် မြစ်ကမ်းပေါ်မှ အကြမ်းဖက်သမားများက လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် စက်လှေမောင်းနှင် လာသည့် ဦးဗဒူတွင် ဝဲလက်ကောက်ဝတ်နှင့် လည်ပင်းကျည်ရှပ်ထိ ဒဏ်ရာတစ်ချက်၊ မခင်သီတာ (၁၄)နှစ် ၅ တန်း (ဘ) ဦးတနင်္လာ၏ ဝဲ/ယာ ခြေထောက်နှစ်ချောင်း၌ ကျည်ထိမှန်ဒဏ်ရာ များ၊ မောင်အောင်လင်းဝင်း (၁၁)နှစ် ၅ တန်း(ဘ)ဦးလင်းအောင်တွင် ကျောကျည်ရှပ်ထိ ဒဏ်ရာ တစ်ချက်တို့ ရရှိခဲ့ပြီး မောင်နေမင်းထွန်း (၁၁)နှစ် ၅ တန်း(ဘ)ဦးအောင်ဖာနှင့် မောင်သန်းမြင့်(၁၁)နှစ် ၅ တန်း (ဘ) ဦးထွန်းလှအောင်တို့ နှစ်ဦးတွင် နောက်ကျောကျည်ထိမှန် ဒဏ်ရာရရှိကာ သေဆုံးခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်