
နေပြည်တော် မတ် ၁၃
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီတွင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အောင်ရာကျေးရွာအနီးတွင် အောင်ကိုလတ် (ခ) အငဲ အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီခွဲတွင် ကျော်ရင် (ခ) အားစန်း ကို လုံးခင်းကျေးရွာအုပ်စု ကုဋေ ကျေးရွာအနီး၌ ဆိုင်ကယ်တစ်စီးဖြင့်လည်းကောင်း၊ မွန်းလွဲ ၃ နာရီတွင် ၎င်း၏နေအိမ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ကို လည်းကောင်း။
အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ် ရေငယ်ကျေးရွာတွင် သန်းညွန့်(ခ) ကောက်ကြီး မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၆,၆၃၀ ကိုလည်းကောင်း၊ ယင်းနေ့ နံနက် ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ကြည့်မြင်တိုင်မြို့နယ် စက်ဆန်းရပ်ကွက် နဝဒေးလမ်း အမှတ် (၀၁၆) နေ တင်ကျော်မိုး (ခ) ရေခဲ၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၄၀၀ ကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မရမ်းကုန်း မြို့နယ် အမှတ် (၅) ရပ်ကွက် လေယာဉ်ကွင်းလမ်းတွင် ဇော်ဝင်း (ခ) အီစမိုင်လ် မောင်းနှင်လာသည့် Mark II ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ အိုက်စ် ၂ ကီလိုကိုလည်းကောင်း။
ထို့အတူ ယင်းနေ့ ညနေ ၆ နာရီတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် မိုင်းဟဲ (အောက်) ကျေးရွာအုပ်စု ပန်နယ်ကျေးရွာ အနီး ဘူရှီး-တာချီလိတ်သွားကားလမ်းတွင် ပီအိုက် မောင်းနှင်ပြီး ထွန်းရွှေ လိုက်ပါလာသည့် Hilux အမျိုးအစား ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ပီအိုက်မှာ ထွက်ပြေးသွားပြီး ယာဉ်ပေါ်မှ ကဖင်း ကီလို ၁,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား