
နေပြည်တော် ဇွန် ၉
မိုးညှင်းမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် မူးယစ် ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇွန် ၈ ရက် နံနက် ၁၁ နာရီခွဲတွင် မိုးညှင်းမြို့နယ် မြို့သစ်ကလေး ကျေးရွာအုပ်စု မြို့သစ်ကလေးကျေးရွာအနီး မိုးညှင်း-ဟိုပင်သွား ကားလမ်းတွင် ဆန်းဝင်းကြည်(ခ)အပု မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ ၈၉၁ ကီလိုကို လည်းကောင်း၊ အလားတူ ဇွန် ၇ ရက် ည ၁၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗိုလ်တထောင်မြို့နယ် အမှတ်(၃)ရပ်ကွက် ကုန်သည်လမ်း တိုက် အမှတ်(C-2 A) (၈)လွှာ၊ အခန်းအမှတ်(၀၈၀၃)သို့ ဝင်ရောက်ရှာဖွေရာ မြတ်မင်းထိုက်၊ ကျော်မင်းသိန်း၊ ထက်ကိုဦး ၊ ဇော်ဇော်၊ ထက်နိုင်မင်း နှင့် ထင်အောင်လင်း(ခ)ဝါဆို တို့ ခြောက်ဦးကို တွေ့ရှိရပြီး ဆေးခြောက် ၂၀ ဒသမ ၇ ကီလိုနှင့် မြန်မာငွေကျပ် ၃ ဒသမ ၅ သိန်းကိုလည်းကောင်း၊ ထို့အတူ ဇွန် ၇ ရက် ညနေ ၅ နာရီ မိနစ် ၄၀ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ရွာငံမြို့နယ် ကျောက်မြောင်းကျေးရွာအုပ်စု တောင်ခေါင်းပွား ကျေးရွာ ရွာငံ - ဟံမြင့်မိုရ်သွားကားလမ်း ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် တွင် မြင့်လှိုင်(ခ) ပေါက်စ မောင်းနှင်ပြီး ဟိန်းထက်ငြိမ်း လိုက်ပါလာသည့် Nissan Diesel အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ ၆ ဒသမ ၇၁ ကီလိုနှင့် ဘိန်းစိမ်း ၇ ဒသမ ၅ ကီလိုကို လည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၇ နာရီတွင် အဆိုပါနေရာ၌ မူးယစ်ဆေးဝါးများ သယ်ဆောင်သူ ဝေလွင်ဦးကို Toyota Hilux အမျိုးအစားမော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီး ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်