မြို့နယ်များ၌ မိုးသည်းထန်လေပြင်းတိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ် သက်ဆိုင်ရာနှင့် လူမှုရေးအဖွဲ့များ ကူညီကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်

 

ညောင်ဦး
မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ် စဉ့်ကူတိုက်နယ်တွင် ယမန်နေ့က မိုးသက်လေပြင်းတိုက်ခတ် မှုကြောင့် လူနေအိမ် လေးလုံး အမိုးလန်ပျက်စီးခြင်းနှင့် ဘုရားတစ်ဆူ ထီးတော်မြေခ ပျက်စီးမှုဖြစ်ပွားခဲ့ ကြောင်းသိရပြီး  နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း စဉ့်ကူ နယ်မြေမီးသတ်စခန်းတာဝန်ခံ တပ်ကြပ်ကြီးဇော်မင်းသိန်းထံမှ သိရသည်။ 
အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့်     ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေ မြို့ကုန်းရပ်ကွက် အတွင်း အလျား ၁၈ ပေ၊  အနံ   ကိုးပေ၊   အမြင့် ၁၈ ပေရှိ သွပ်မိုး၊  ထရံကာ၊ ကြမ်းခင်း၊ မြေစိုက် လူနေအိမ် သုံးလုံး၊ အလျားပေ ၂၀၊ အနံ ၁၅ ပေ အမြင့် ၁၈ ပေရှိ  သွပ်မိုး၊  ထရံကာ၊  ကြမ်းခင်း     မြေစိုက်လူနေအိမ်    တစ်လုံးနှင့်   မြို့တွင်းရွှေကူ စေတီတော်ငှက်ပျောဖူးတော်၊ ငှက်မြတ်နားတော် နှင့်   စိန်ဖူး‌တော်ပါ   ရှစ်ပေခန့်   ထီးတော်မြေခ ပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး (ယာပုံ) အခြားလူနှင့်   တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။     
မိုးသက်လေပြင်း  တိုက်ခတ်မှုကြောင့်  လူနေ အိမ်များ ထိခိုက်ပျက်စီးခြင်း၊ ဘုရားထီးတော်မြေခ ပျက်စီးခြင်းနှင့်  သစ်ပင်ကြီးများ ပြိုလဲကျမှုကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပွားနေမှုကို စဉ့်ကူနယ်မြေ မီးသတ်စခန်း တာဝန်ခံ တပ်ကြပ် ကြီးဇော်မင်းသိန်း ဦးဆောင်သော    သန္ဓေ၊   အရန်မီးသတ်တပ်ဖွဲ့ဝင် များက  နယ်မြေရဲတပ်ဖွဲ့ဝင်များနှင့်  ပူးပေါင်းပြီး   အချိန်နှင့်တစ်ပြေးညီ သွားရောက်ကာ လေဘေးသင့် ပြည်သူများ  အဆင်ပြေစွာနေထိုင်နိုင်ရေး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊    ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေစေရန်   လမ်းများတွင် ပိတ်ဆို့နေသော  သစ်ပင်ကြီးများ ပြိုလဲနေမှုကို ခုတ်ထွင်ရှင်းလင်း  ဆောင်ရွက်ခြင်း တို့ကို ပြည်သူ့အကျိုးပြု ကူညီဆောင်ရွက်ပေးခဲ့ပြီး   ဘုရားထီးတော် မြေခပျက်စီးမှုအား သွားရောက် ရှင်းလင်းဆောင်ရွက်ပြီး  ဘုရားစိန်ဖူးတော်အား  ဂေါပကအဖွဲ့  ဥက္ကဋ္ဌ ဦးညွန့်တင်ထံ အပ်နှံဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။            
ရဲဝင်းနိုင် (ညောင်ဦး)

 

ကြံခင်း  
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ကျေးရွာအုပ်စု ကိုးစုတွင် ယမန်နေ့ညနေ ၆ နာရီက မိုးရွာပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့်  လူနေအိမ် ခြောက်လုံးပြိုကျပျက်စီးကာ နေအိမ် ၃၄ လုံး  အမိုးလန် ပျက်စီးခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့်    ကြံခင်းမြို့နယ်    သောကြာဒူး ကျေးရွာအုပ်စု၊    ကွမ်းအစ်ကုန်းကျေးရွာအုပ်စု၊     ကြို့ပင်စုအုပ်စု၊  ရေလယ်ကျွန်းကျေးရွာအုပ်စုနှင့် သစ်ဆိမ့်ကိုင်းကျေးရွာအုပ်စု၊ အလုံ ကျေးရွာအုပ်စုနှင့် ပိုးစုကြီးကျေးရွာအုပ်စု၊ ခုံကြီးကျေးရွာအုပ်စုတို့တွင် နေအိမ် ခြောက်လုံး ပြိုကျ ၃၄ လုံး အမိုးလန်ပျက်စီးကာ အိမ်ထောင်စု ၄၀  လေဘေးသင့်ခဲ့သည်။
လေပြင်းတိုက်ခတ်ခြင်းကြောင့်  လူနှင့် တိရစ္ဆာန်များ  ထိခိုက် ဒဏ်ရာရရှိမှု   မရှိကြောင်းနှင့်  လေဘေးသင့်အိမ်ထောင်စု ၄၀ မှ လေဘေးသင့်ပြည်သူ ကျား ၅၆ ဦးနှင့်မ ၆၄ ဦးအား နီးစပ်ရာဆွေမျိုး များ၏   နေအိမ်တွင်  ယာယီပြောင်းရွှေ့နေထိုင်နိုင်ရန် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့်    သက်ဆိုင်ရာ  အုပ်ချုပ်ရေးအဖွဲ့များက  ပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရသည်။  
 မြို့နယ်(ပြန်/ဆက်)
 

 

သိန္နီ    
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်၌ ယမန်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိန်းဆာကျေးရွာအုပ်စု ဆွန်ခိုင်းကျေးရွာ၊ မိုင်းပါးကျေးရွာအုပ်စု နောင်တော်ကျေးရွာနှင့်  ကုန်းစုန်ကျေးရွာတို့ရှိ  လူနေအိမ်  ၁၀  လုံး  ထိခိုက်ပျက်စီးမှု ဖြစ်ပွား ခဲ့သည်။
ပျက်စီးမှုဖြစ်ခဲ့သော   နေအိမ်များမှာ  ပိန်းဆာကျေးရွာအုပ်စု ဆွန်ခိုင်းကျေးရွာမှ နေအိမ် ခုနစ်လုံး၊ မိုင်းပါးကျေးရွာအုပ်စု နောင်တော် ကျေးရွာမှ နေအိမ် နှစ်လုံး၊ မိုင်းပါးကျေးရွာအုပ်စု ကုန်းစုန်ကျေးရွာမှ နေအိမ် တစ်လုံး စုစုပေါင်း နေအိမ် ၁၀ လုံးဖြစ်ပြီး အဆိုပါလူနေအိမ်  ၁၀ လုံးရှိ  မိသားစုဝင်များ၏ နေထိုင်စားသောက်ရေးဆိုင်ရာ ကိစ္စရပ် များ အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ   သက်ဆိုင်ရာကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးများနှင့်   ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါလေပြင်း တိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။                            
စောဥမ္မာ(သိန္နီ)

 

ပျော်ဘွယ်
ပျော်ဘွယ်မြို့နယ်အတွင်း  ဧပြီ  ၃၀ ရက်  ည  ၇  ခွဲခန့်တွင်  လေပြင်း များ တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့်  မြို့နယ် အတွင်းရှိ ကျေးရွာတချို့တွင် ဘုရားစေတီ ထီးတော်မြေခခြင်း၊ နေအိမ် အချို့ ပျက်စီးခြင်းနှင့် လေပြင်းတိုက်ခတ်မှု ဒဏ်ခံခဲ့ရသည်။
ထိုကဲ့သို့ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း တို့ကြောင့် သနပ်ခါးတောအုပ်စု၊ ဥစ္စာနွယ်အုပ်စု၊ သိမ်ကုန်းအုပ်စု၊ ဂွေးပင်ရိုးကျေးရွာ၊ တွင်းရွာအုပ်စု၊ ဘုရားကြီးအုပ်စု၊ ကျောက်ဆည် အုပ်စု၊ ဆူးချင်ကုန်းအုပ်စုအတွင်းရှိကျေးရွာများမှ နေအိမ် ၆၈ လုံး တို့မှာ နေအိမ်များပျက်စီးခြင်း၊ လျှော်ဖြူကုန်း (ရ) ကျေးရွာမှ ဘုရား တစ်ဆူ ထီးတော်မြေခခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့အပြင် ဥစ္စာနွယ် ရွာအတွင်းရှိ စာသင်ကျောင်း တစ်ကျောင်း၊ ဆူးချင်ကုန်းကျေရွာရှိ စာသင်ကျောင်း   တစ်ကျောင်းတို့မှာလည်း    ပျက်စီးမှုများဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ပျက်စီးခြင်းများကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်  နှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲဝင်များနှင့်   သက်ဆိုင်ရာအုပ်စုအတွင်းရှိ   ကျေးရွာ ပြည်သူ များ စုပေါင်း၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဝိုင်းဝန်း ပူးပေါင်းဆောင်လျက်ရှိကြောင်း သိရသည်။ 
မင်းမင်းထွေး(ပျော်ဘွယ်)
 

 

ဆီဆိုင်
ရှမ်းပြည်နယ်    (တောင်ပိုင်း)     ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ    ဆီဆိုင်မြို့နယ်တွင်    ဧပြီ ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး   လေပြင်းတိုက်ခတ်မှုကြောင့်   ဂိုဒေါင် တစ်လုံး၊ လူနေအိမ် နှစ်လုံးနှင့် စာသင်ကျောင်း ဆောင် အမိုးသွပ်နှင့်  မြားတန်းများ ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
မိုးသက်လေးပြင်းတိုက်ခတ်မှုကြောင့် တစ်ဖက် ကျေးရွာအုပ်စုအတွင်းရှိ    ပန်ကန်းကျေးရွာတွင် စာသင်ကျောင်းဆောင်၊    လူနေအိမ်   နှစ်လုံးနှင့် ဂိုဒေါင် တစ်လုံးတို့၏ အမိုးသွပ်နှင့် မြားတန်းများ ပျက်စီးဆုံးရှုံးခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့်  လေဘေးသင့် ပြည်သူများအား  နီးစပ်ရာဆွေမျိုး နေအိမ်များတွင် နေရာချထားပေးပြီးဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)