မြို့ပြရဲ့လူနေစရိတ်စက ကြီးမားလာ၍ ကျေးလက်ကို အခြေချလာကြတဲ့ လက်ဘနွန်ပညာတတ်အချို့ 


 

ထွန်းကျော်

 

အသက် ၄၀ ဝန်းကျင်ရှိ ဟက်ဆန်ရှီဟာဒါဟာ လက်ဘနွန်အရှေ့တောင်ပိုင်း အယ်လ်မာဂျီဒီယာ့မြို့မှာရှိတဲ့ သူ့ရဲ့ကိုယ်ပိုင် ဥယျာဉ်က သစ်တော်သီးတွေ ခူးဖို့ တုတ်တံရှည်တစ်ချောင်းကို ကိုင်ထားပါတယ်။ တိုင်းပြည်ရဲ့ ငွေကြေးအကျပ်အတည်းကြောင့်  စီးပွားစီမံခန့်ခွဲမှုပညာနဲ့ ဘွဲ့ရထားတဲ့ ရှီဟာဒါဟာ နာမည်ကျော်ကြားတဲ့ မြို့တော်ဘေရွတ်ရဲ့ ဘဏ်တစ်ခုကနေ အလုပ်ပြုတ်ခဲ့ပြီးနောက်မှာ  သူ့ရဲ့မြို့ကိုပြန်လာခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူဟာ တောင်ယာထဲမှာ အလုပ်လုပ်နေရတာဖြစ်ပါတယ်။ 
ပိုပြီးခက်ခဲလာ 
မီးခဏခဏ    အကြာကြီးပျက်တာ တွေ၊ ရေပြတ်တောက်တာတွေ၊ လောင်စာ ဆီပြတ်တောက်တာတွေနဲ့  လူနေစရိတ် မြင့်မားလာတဲ့အတွက်   ဘေရွတ်မှာ နေထိုင်ကျင်လည်ရတဲ့  ဘဝဟာ  ပိုပိုပြီး ခက်ခဲလာပါတယ်လို့ သူကပြောပါတယ်။ 
ဒီလို       အခြေအနေတွေကြောင့် သဘာဝအရင်းအမြစ်တွေနဲ့    ပြည့်စုံ ကြွယ်ဝတဲ့ ကျေးလက်ဒေသကို ရွှေ့ပြောင်း တာကလွဲပြီး   တခြားရွေးချယ်စရာမရှိ ခဲ့ပါဘူးလို့  ရှီဟာဒါက ပြောပါတယ်။
ရိုးရှင်းပါတယ် 
သူ့လိုပဲ ဘေရွတ်ရဲ့ ကြီးမြင့်တဲ့ကုန် ဈေးနှုန်းရိုက်ခတ်မှုက‌ ထွက်ပြေးလွတ် မြောက်လာတဲ့   နောက်တစ်ဦးကတော့ မိသားစုကိုးဦးရှိတဲ့ အသက် ၆၀ အရွယ် ဂျမေးလ်ဟမ်ဒန်ပဲဖြစ်ပါတယ်။ သူဟာ သူ့မိသားစုဝင်တွေနဲ့အတူ  အရှေ့တောင် ပိုင်းကျေးရွာဖြစ်တဲ့ ရှီဘားကို ပြန်လာ ခဲ့တာပါ။ 
တောမှာနေရတဲ့ဘဝက  ရိုးရှင်းပါ တယ်။ ပြီးတော့လည်း  လူတွေဟာ တစ်ဦး နဲ့တစ်ဦး   ညီရင်းအစ်ကိုပမာ   ရင်းနှီး ကျွမ်းဝင်ကြပါတယ်။ ဒါကြောင့်မို့ တစ်ဦး အခက်အခဲဖြစ်နေတဲ့အချိန်မှာ တခြား တစ်ဦးက   ဖေးမကူညီပေးကြပါတယ်။ လိုတဲ့အခါမှာ ပိုက်ဆံချေးလို့ရပါတယ်။ ကျွန်တော်ကတော့ လယ်ယာစိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ဖို့ စီစဉ် ထားပါတယ်လို့ ဟမ်ဒန်က ပြောလိုက် ပါတယ်။ 
ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ ရဲ့ထုတ်ကုန်တွေကို  စားသောက်နိုင်ပါ တယ်။ ဓာတ်ငွေ့မီးဖိုအတွက် ပိုက်ဆံ ပေးရမယ့်အစား  ထင်းလောင်စာမီးဖိုကို အသုံးပြုနိုင်ပါတယ်လို့   သူက  ပြောပါ တယ်။
မွန်းကျပ်တဲ့လူနေမှုဘဝက ရုန်းထွက် 
နောက်တစ်ယောက်ကတော့ အိမ် ရှင်မတစ်ဦးဖြစ်တဲ့  ဟာနန်အက်ဘ်ဒိုပဲ ဖြစ်ပါတယ်။ သူလည်း  သူ့မိသားစုနဲ့အတူ ဘေရွတ်ရဲ့   မွန်းကျပ်တဲ့  လူနေမှုဘဝ ကနေ   ရုန်းထွက်လာပြီး တောင်ပိုင်း ကျေးရွာဖြစ်တဲ့   ခန်ကို   ပြန်လာခဲ့တာ ဖြစ်ပါတယ်။   အဲဒီမှာ   အက်ဘ်ဒိုဟာ ပြောင်းတွေ၊   ဂျုံတွေ၊  ရုံးပတီသီးတွေ၊ ခရမ်းသီးတွေ     စတဲ့အသီးအနှံအစား အသောက်    ရောင်းချတဲ့    အလုပ်ကို ဆောင်းတွင်းတစ်တွင်းလုံး    လုပ်ကိုင် သွားမှာ ဖြစ်ပါတယ်။ 
လက်ဘနွန်ဟာ သမိုင်းမှာ အဆိုးဆုံး  စီးပွားရေးအကျပ်အတည်းကို  ရင်ဆိုင် နေရပါတယ်။   အခြေခံ  လူသုံးကုန်စည် တွေကို တင်သွင်းဖို့ ဖယ်ထားတဲ့ အမေရိ ကန်ငွေကြေး     ပြတ်တောက်ခြင်းက လက်ဘနွန်ငွေကြေးဖြစ်တဲ့ ပေါင်တန်ဖိုး ကို   ပြိုလဲစေပါတယ်။   ထို့အတူ   နှစ်စဉ် ငွေကြေးဖောင်းပွခြင်းကလည်း      ၈၅ ရာခိုင်နှုန်းနီးပါး မြင့်တက်လာပါတယ်။
ကျေးလက်ကို ရွှေ့ပြောင်းလာတဲ့လူဦးရေ ဆက်လက်မြင့်တက်  
ဒါ့အပြင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား ခြင်းနဲ့  ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲခြင်း က  ထောင်ချီတဲ့   နိုင်ငံသားတွေကို အလုပ်လက်မဲ့ဖြစ်စေပါတယ်။  အလုပ် လက်မဲ့ဖြစ်မှုဟာ  ၄၀   ရာခိုင်နှုန်းအထိ ရောက်ရှိလာတယ်လို့     လက်ဘနွန် အလုပ်သမားဝန်ကြီးဌာနက   ဖော်ပြ ထားပါတယ်။ 
ဘေရွတ်အခြေစိုက်   သုတေသနနဲ့ အကြံပေးအဖွဲ့ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ သတင်းအချက်အလက်    အဖွဲ့ကတော့ စီးပွားရေးအကျပ်အတည်းတွေ    ပိုမို ဆိုးလာပြီး အလုပ်လက်မဲ့တွေ  များလာ တာနဲ့ ကျေးလက်ဒေသကို ရွှေ့ပြောင်း လာတဲ့ လူဦးရေဟာ ဆက်လက်မြင့်တက် လာဦးမယ်လို့ ဖော်ပြထားပါတယ်။ 
ကျေးလက်မှာနေရတာ ဈေးပိုသက်သာ 
နိုင်ငံသားတွေရဲ့   ဝယ်ယူသုံးစွဲနိုင် အားတွေ လျော့နည်းလာပြီး  မြို့တွေရဲ့ လူနေစရိတ်တွေ ကြီးမြင့်လာပါတယ်။ မြို့မှာနေခဲ့တဲ့   လူဦးရေ   ငါးရာခိုင်နှုန်းက နေ   ခုနစ်ရာခိုင်နှုန်းအထိ  အခုအခါ မှာတော့       ကျေးလက်ဒေသတွေမှာ နေထိုင်နေကြပါပြီ။ ကျေးလက်ဒေသ မှာနေတဲ့ လူဦးရေဟာ  လက်ဘနွန်လူဦး ရေရဲ့ ၂၅ ရာခိုင်နှုန်းလောက်ရှိလာပါပြီလို့ အပြည်ပြည်ဆိုင်ရာ သတင်းအချက် အလက်အဖွဲ့က ဖော်ပြလိုက်ပါတယ်။ 
ကျေးလက်ဒေသမှာ       နေတာက မြို့မှာနေတာထက် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ဈေးသက်သာပါတယ် လို့ စီးပွားရေး ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဆူဟတ်အယ်လ်ခါတစ်က ပြောပါတယ်။ 
အနာဂတ်မှာ ပိုဆိုးလာမယ် 
ဒီဖြစ်စဉ်ဟာ   အနာဂတ်မှာ   ပိုဆိုး  လာမယ်လို့ အယ်လ်ခါတစ်က ပြောပါ တယ်။ 
လူမှုရေးဝန်ကြီးဌာနရဲ့ မီဒီယာအကြံ ပေးဖြစ်သူ ဟိုင်ဒါအာစလန်က အစိုးရ အနေနဲ့ ဆင်းရဲတဲ့မိသားစုဝင် ၇၅၀၀၀၀ အတွက် ကြိုတင်ငွေပေးချေတဲ့ အစီအစဉ် ကို    စတင်စီစဉ်ပေးလိုက်ပြီး   အလုပ် လက်မဲ့နှုန်းမြင့်တက်လာပြီး အဆိုးဘက် ရိုက်ခတ်လာတာကို ဖြေရှင်းဖို့ ကြိုးစား နေတယ်လို့ပြောပါတယ်။
ဘက်စုံထောင့်စုံအဖြေလိုအပ်  
ဘယ်လိုပဲပြောပြော ဖြစ်ပေါ်လာတဲ့အခြေအနေတွေအားလုံးကို ပိုမိုကောင်း မွန်အောင်ဖြေရှင်းပေးနိုင်ဖို့ ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံက     စဉ်းစားထားတဲ့ အဖြေ တစ်ခုရရှိဖို့ စီးပွားရေးကျွမ်းကျင်သူ တွေက        တိုက်တွန်းထားပါတယ်။ အဲဒီလိုအဖြေတစ်ခုရရှိဖို့ဆိုရင် ဖွဲ့စည်း တည်ဆောက်မှုအပိုင်းကို ပြုပြင်နိုင်ပြီး အဆောက်အအုံ ယန္တရားကြီးတစ်ခုလုံး ကို  ကောင်းစွာလည်ပတ်နိုင်တဲ့ အစိုးရ အသစ်တစ်ရပ် လိုအပ်သလို လိုအပ်နေတဲ့ အခြေခံ         အဆောက်အအုံတွေကို အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံတကာ ရဲ့အကူအညီကို လမ်းဖွင့်ပေးဖို့ လိုအပ်ပါ တယ်။ အဲဒီလိုမှသာ  အလုပ်အကိုင်သစ် တွေ    ဖန်တီးပေးနိုင်ပြီး    ကြောက်စရာ ကောင်းလောက်အောင်  ၇၄    ရာခိုင်နှုန်း လောက်ထိ မြင့်တက်နေတဲ့   ဆင်းရဲနွမ်းပါး မှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။       ။
ကိုးကား - ဆင်ဟွာ