
ယဉ်လာဒ်
မိုးရာသီကာလဆိုရင် ခရီးသွားရောက်မှု အတော်အတန် နည်းပါးကြပါတယ်။ ဒီကာလမှာဆိုရင် ဟိုတယ်တွေနဲ့ ခရီးစဉ်တွေ ရောင်းချကြတဲ့ ခရီးသွားကုမ္ပဏီတွေက စျေးနှုန်းလျှော့ချပြီး ရောင်းချလာတာမို့ မိုးရာသီကာလမှာ အစိမ်းရောင် ကမ်းခြေလို့ တင်စားကြတဲ့ ငွေဆောင်ကမ်းခြေကို ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အနေနဲ့ ဖော်ပြပေးချင်ပါတယ်။
ငွေဆောင်ကမ်းခြေလို့ ပြောလိုက်ရင် ဘင်္ဂလားပင်လယ်အော်ကြီးကို အနီးကပ် မြင်တွေ့ရပြီး အဆုံးအစမဲ့ ပင်လယ်ကြီး ကို တွေ့မြင်ရစေတဲ့ မြန်မာပြည်ရဲ့Green Ngwesaung ကမ်းခြေဟာ မိုးရာသီရဲ့ အသွားသင့်ဆုံး ကမ်းခြေတစ်ခု ဖြစ်ပါ တယ်။
ရန်ကုန်မြို့ကနေ လွယ်လွယ်ကူကူနဲ့ အမြန်ဆုံး သွားရောက်လည်ပတ်နိုင်တဲ့ ကမ်းခြေတစ်ခုဖြစ်ပြီး ငါးနာရီဝန်းကျင် ကားမောင်းသွားရုံနဲ့ ရောက်နိုင်တဲ့ နေရာ ဖြစ်တာမို့ ပြည်တွင်းခရီးသွားတွေ အများ ဆုံး လာရောက်ကြတဲ့ ကမ်းခြေတစ်ခု ဖြစ်ပါတယ်။
အခုဆိုရင် ခရီးသွားကုမ္ပဏီတွေက နှစ်ညအိပ် သုံးရက် ခရီးစဉ်ကို တည်းခို စရိတ်ငြိမ်းအပြီးအစီး ကျပ် တစ်သိန်း ကျော်မှစကာ ရောင်းချပေးလာပါတယ်။ ဒါ့ပြင် ဟိုတယ်တွေကလည်း ၁၀ ရာခိုင် နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ အခန်းခ တွေကို လျှော့ချပေးထားပါတယ်။
ငွေဆောင်ကမ်းခြေ ဟိုတယ်ဇုန်ရဲ့ ကမ်းခြေအရှည်က ၉ မိုင်ရှိပြီး ပြည်တွင်း ခရီးသွားများနဲ့ ပြည်ပခရီးသွားများ တည်းခိုစေဖို့ လက်ရှိမှာ ဟိုတယ် ၃၇ လုံး ရှိပါတယ်။ ဒါ့ပြင် စည်ပင်လိုင်စင်နဲ့ ရယူပြီး ဖွင့်လှစ်ထားတဲ့ တည်းခိုခန်း ၆၀ ကျော် ရှိပါသေးတယ်။
ကမ်းခြေကနေ ရေမိုင် ကိုးမိုင်ကျော် မှာတော့ ထင်ရှားတဲ့ကျွန်းတွေဖြစ်တဲ့ ငှက်တောင်ကျွန်း၊ ငှက်မြောက်ကျွန်း၊ ကျွန်းလျားရှည်၊ လိပ်ကျွန်းတို့ကို တွေ့မြင် ရပါတယ်။ ဒီကျွန်းတွေကနေ ရေမိုင်နှစ်မိုင် ခွဲလောက်ထပ်သွားရင် Scuber diving လုပ်လို့ ကောင်းတဲ့ ရေအောက်ကမ္ဘာ Marine Life ကို ခံစားရနိုင်ပါတယ်။
လည်ပတ်စရာများ
ငွေဆောင်မှာ အေးအေးဆေးဆေး နားနေချင်ရင် ကျွန်းတွေနဲ့ ညစျေးကို သာ သွားရောက်လည်ပတ်လို့ရပါတယ်။ ငှက်ကျွန်းနဲ့ ကျွန်းလျားရှည်ကိုတော့ စက်လှေနဲ့သွားရပါမယ်။ ချစ်သူများကျွန်း ကတော့ ရေကျတဲ့အချိန်ဆိုရင် ကမ်းခြေ ကနေ လမ်းလျှောက်သွားတာနဲ့ ရောက်ရှိ မှာဖြစ်ပါတယ်။ ဓာတ်ပုံအမှတ်တရ ရိုက်ကူးလို့ ကောင်းပါတယ်။ မြွေကျွန်း နဲ့ ဘုရားသုံးဆူကတော့ နည်းနည်းဝေးပါ တယ်။ ကမ်းခြေကနေ မိနစ် ၃၀ လောက် သွားရပါတယ်။
ငွေဆောင်ကမ်းခြေကို ရောက်ရင် လူတိုင်းသိပ်မရောက်ဖြစ်တဲ့ “မင်းလမ်း” ကျောက်ကျင်း နေရာလေးကလည်း ဓာတ်ပုံရိုက်ကူးလို့ကောင်းတဲ့ နေရာ ဖြစ်ပါတယ်။ မြွေကျွန်းမရောက်ခင် မင်းလမ်းကျောက်ကျင်းနေရာ ဖြစ်ပါ တယ်။ ဘုရားသုံးဆူရောက်ရင် ကျောက်ဖျာ ကြီးတွေပေါ်ထိုင်ပြီး Sunset ကြည့်လို့ ကောင်းတာမို့ နေဝင်ချိန်အလှကို ကြည့်ပြီး ဓာတ်ပုံရိုက်ချင်တဲ့သူတွေ အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ ဒါ့ပြင် ငွေဆောင်ဆင်စခန်းက ငွေဆောင်မြို့ရဲ့ ဆင်စခန်းလို့ ခေါ်ကြပါတယ်။ ငွေဆောင် ရောက်ရင် Activity အနေနဲ့ ဆင်စခန်းတွေ ဆီ သွားရောက်လေ့လာပြီး တောတောင် လျှိုထဲ ဆင်စီးပြီး လျှောက်လည်နိုင်ပါ တယ်။ ဒါ့ပြင် ငွေဆောင်ကမ်းခြေရဲ့ တောင်ဘက်စွန်းစွန်းမှာရှိတဲ့ ငွေဆောင် မြို့ရဲ့ တံငါရွာလို့ခေါ်တဲ့ ဆင်မကျေးရွာက လည်း ငွေဆောင်မြို့ရဲ့ နာမည်ကျော် နေရာတစ်ခု ဖြစ်ပါတယ်။
တစ်ရွာလုံးက ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြတာမို့ အကြီးစားတံငါရွာကြီး တစ်ရွာပါပဲ။ ဖမ်းမိတဲ့ ငါးမှန်သမျှဟာ ငွေဆောင်၊ ချောင်းသာ၊ ပုသိမ်၊ ရန်ကုန် မြို့ကို ရောက်ပါတယ်။ ဆင်မရွာရဲ့ လူနေ မှုဘဝတွေကို အနီးကပ်မြင်တွေ့ရနိုင်တဲ့ နေရာတစ်ခုမို့ သွားရောက်လည်ပတ် လေ့လာသင့်တဲ့ ရွာတစ်ရွာလို့ ဆိုချင်ပါ တယ်။
ဒါ့ပြင် အိမ်ပြန်လက်ဆောင်ကောင်း တွေဝယ်ဖို့အတွက် ငွေဆောင်ဈေးက တော့ မဖြစ်မနေလည်ပတ်ရမယ့် နေရာ တစ်ခုပါ။ ရန်ကုန်အပြန်လက်ဆောင် စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်။
Beach Bar ကြိုက်တဲ့သူတွေအတွက် ကတော့ Eskala Hotel ရဲ့ ကမ်းခြေမှာ လည်ပတ်နိုင်ပါတယ်။ စိတ်လှုပ်ရှား စရာမျိုးလုပ်ချင်တဲ့ ခရီးသွားတွေအတွက် ငွေဆောင်မှာ အပျော်တမ်းလေထီးစီးလို့ ရပါသေးတယ်။
ငွေဆောင်ဆိုတာ ထူးခြားတဲ့ ဝိသေသ တွေလည်း ရှိပါသေးတယ်။ ငွေဆောင် ကမ်းခြေဖြစ်မလာခင်က ဒီနေရာလေးကို ငဆော်ကျေးရွာလို့ ခေါ်ဆိုခဲ့ကြပြီး အဲဒီ နောက်မှာ ငွေဆောင်ရယ်လို့ ဖြစ်လာခဲ့ တာ။ အခုဆိုရင် ငွေဆောင်ကမ်းခြေဟာ ပြည်တွင်းပြည်ပခရီးသွားတွေရဲ့ ပါးစပ် ဖျားမှာ ရေပန်းစားလာတဲ့ ကမ်းခြေ ဖြစ်လာခဲ့ပါတယ်။ အုန်းတောတွေကို တဝကြီးမြင်တွေ့စေရတဲ့ ကမ်းခြေဖြစ်နေ တာရယ်။ တိတ်ဆိတ်ငြိမ်သက်လွန်းတာ ကြောင့် အစိမ်းရောင်ကမ်းခြေလို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။
သဘာဝကိုမပျက်စီးစေဘဲ လိုက်လျော ညီထွေစွာနေတာကြောင့် အခုချိန်ထိ ငွေဆောင်ကမ်းခြေကို လာရောက် လည်ပတ်သူတွေဟာ တစ်နေ့ထက် တစ်နေ့ များပြားလာနေကြပါပြီ။ ပိတ်ရက် တို၊ ပိတ်ရက်ရှည်ဆိုလိုက်တာနဲ့ ဘယ်ကို သွားရမလဲလို့ စဉ်းစားလိုက်ရင် ငွေဆောင် ကို ထည့်စဉ်းစားပြီး သွားလည်ပတ်ကြတဲ့ ခရီးသွားတွေ များလာကြပါတယ်။ စရိတ် စကလည်း သက်သာစေသလို ငွေဆောင် မှာ တည်းခိုစရာ ဟိုတယ်၊ မိုတယ်၊ တည်းခို ခန်းတွေကလည်း များပြားလာတာမို့ လာရောက်သူတွေအတွက် ရွေးချယ်စရာ တွေ များပြားလာပါပြီ။ ဒါကြောင့်မို့ မိုးရာသီကာလမှာ အေးအေးဆေးဆေး လေးနားနိုင်စေဖို့ အစိမ်းရောင်ကမ်းခြေလို့ လည်း တင်စားခေါ်ဝေါ်ကြတဲ့ ငွေဆောင် ကမ်းခြေကို သွားရောက်လည်ပတ်ဖို့ ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အနေနဲ့ ဖော်ပြလိုက်ရပါတယ်။ ။
r r r