
မကွေး၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မသန်စွမ်းသူများအား ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးအစီအစဉ်အရ ငွေကြေးထောက်ပံ့
===========================================================================================================
နေပြည်တော် စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် ထောက်ပံ့မှုတစ်ကြိမ် မရရှိသေးသော မသန်စွမ်းသူများအား နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP)အရ ငွေကြေးလွှဲပြောင်းထောက်ပံ့ခြင်းကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပ သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ညွှန်ကြားရေး မှူးချုပ်များ ပါဝင်တက်ရောက်ကြပြီး မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးရှိ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ မသန်စွမ်းသူများအသင်း တာဝန်ရှိ သူများနှင့် မသန်စွမ်းသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက် ကြသည်။
အခြေခံလူ့အခွင့်အရေးရရှိရေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်သည် ကိုဗစ်-၁၉ ကြောင့် နိုင်ငံ၏စီးပွားရေးတိုးတက်မှုအပေါ် ထိခိုက်ဆုတ်ယုတ် မှုများ တတ်နိုင်သမျှနည်းပါးအောင် လျှော့ချသည့်အစီအစဉ် ဖြစ်ကြောင်း၊ ထိုအစီအစဉ်များဖြင့် လိုအပ်သူများကို ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လူတိုင်း အခြေခံလူ့အခွင့်အရေးခံစားရရှိရေးအတွက် အာမခံပေး နိုင်သည့် စစ်မှန်သည့်ဒီမိုကရေစီ အစိုးရဖြစ်အောင် ကြိုးပမ်း လျက်ရှိပါကြောင်း၊ အစိုးရစတင်တာဝန်ယူချိန်မှစ၍ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပဋိသန္ဓေတည်စမှ သက်ကြီးရွယ်အို အထိ အခြေခံလူ့အခွင့်အရေးရရှိအောင် ဆောင်ရွက်ရာတွင် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာ၊ စီမံချက်များဖြင့်ဆောင်ရွက်ရပါကြောင်း။
ထို့ကြောင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဥပဒေကို ခေတ်စနစ်နှင့်ညီအောင် ၂၀၁၈ ခုနှစ်တွင် ပြန်လည်ချမှတ်ခဲ့ကြောင်း၊ ကလေး သူငယ်များသည် ပြုစုစောင့်ရှောက်မှု၊ ဖွံ့ဖြိုးမှုများအပြင် ကာကွယ်စောင့်ရှောက်မှုပါ လိုအပ်သည့်အတွက် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉)ကို အသစ် ပြဋ္ဌာန်းခဲ့ကြောင်း၊ ထိုမှတစ်ဆင့် လူငယ်ကဏ္ဍအတွက် လူငယ်ရေးရာမူဝါဒကို ဖော်ဆောင်ပြီး ယခုအခါ မဟာ ဗျူဟာစီမံချက်ကို ချမှတ်နိုင်၍ အကောင်အထည်ဖော်ရန် ကြိုးပမ်းနေပြီဖြစ်ကြောင်း၊ အမျိုးသမီးများနှင့်ပတ်သက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း)ကို လွှတ်တော်သို့ တင်ပြထားပြီးဖြစ်ကြောင်း၊ ယနေ့ဆောင်ရွက်သည့် မသန်စွမ်းသူများအတွက် ဥပဒေ ရှိပြီးဖြစ်ရာ မသန်စွမ်းသူများ၏ အခွင့်အရေးကို ထိရောက် စွာဖော်ဆောင်နိုင်ရန် နည်းဥပဒေကို အမြန်ဆုံးဖော်ဆောင် ခဲ့ပါကြောင်း၊ ထို့အပြင် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်ဆင့်ကော်မတီများ ထပ်မံဖွဲ့စည်းကာ မသန်စွမ်းအဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး မသန်စွမ်းတစ်ဦးချင်းစီ၏ အခွင့်အရေးကို အပြည့်အဝဖော်ဆောင်ရန်ကြိုးပမ်းနေပါကြောင်း၊ သက်ကြီးရွယ်အိုဥပဒေ ပေါ်ပေါက်ပြီးဖြစ်၍ ဥပဒေ ကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် အစိုးရသစ် လက်ထက်တွင် လူမှုရေးပင်စင်ကို စတင်နိုင်ခဲ့ကြောင်း၊ ဤအောင်မြင်မှုများ ခိုင်မာတိုးတက်အောင် အခြေခံလူ့အခွင့် အရေးကို အာမခံသည့် စစ်မှန်သောဒီမိုကရေစီအစိုးရဖြစ်လာ စေရန် ဒီမိုကရေစီခရီးလမ်းကို ဆက်လက်လျှောက်လှမ်း လျက်ရှိပါကြောင်း၊ ပြည်သူ့အစိုးရက ပြည်သူအတွက် ရာနှုန်း ပြည့်ဆောင်ရွက်နိုင်ရန် ထာဝရငြိမ်းချမ်းရေးကို ဦးတည် လျက် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးကို ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း၊ သို့မှသာ စစ်မှန် သည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို ဖော်ဆောင် ရာ၌ ကိုဗစ်-၁၉ ကာလတွင် သာမန်ထက်ပို၍ အခက်အခဲရှိ သော ကိုယ်ဝန်ဆောင်များ၊ မသန်စွမ်းသူများနှင့် သက်ကြီး ရွယ်အိုများကို အစိုးရ၏ CERP ဖြင့် ထောက်ပံ့ခြင်းသည် ခံစားရရှိသင့်သည့် အခွင့်အရေးများကို အပြည့်အဝ ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း၊ ထောက်ပံ့မှုများသည် ငွေကြေးအမြောက်အမြား သုံးစွဲရပါကြောင်း။
ထိုကဲ့သို့ ဒေသတစ်ခုအတွင်းသို့ ငွေကြေးစီးဆင်းမှု များပြားခြင်းသည် ဤဒေသအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ သို့မှသာ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုများ လျော့ပါး သက်သာလာစေနိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလ တွင် မိမိတို့၏ ဆောင်ရွက်ရမည့် လုပ်ငန်းယန္တရားများ ရပ်တန့် မသွားအောင် ဝိုင်းဝန်းကြိုးပမ်းပေးကြသည့် ဝန်ထမ်းများ နှင့် ဌာနဆိုင်ရာအသီးသီးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
လွှဲပြောင်းပေးအပ်
ထို့နောက် မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက မသန်စွမ်းသူ ၁၁၂၂၄ ဦးအတွက် ထောက်ပံ့ငွေကျပ် ၃၃၆၇၂၀၀၀၀ ကို လူမှုရေးဝန်ကြီးထံသို့ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် လူမှုရေးဝန်ကြီးက အခမ်းအနားသို့ ကိုယ်တိုင်ပါဝင် တက်ရောက်လာကြသော မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်ပြီး မသန်စွမ်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအား ငွေကြေး ထောက်ပံ့ခြင်းအစီအစဉ်ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသား ရေးရာဝန်ကြီးတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီး ဌာန ညွှန်ကြားရေးမှူးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူ ၁၉၆၇၂ ဦးအတွက် ထောက်ပံ့ငွေကျပ် ၅၉၀၁၆၀၀၀၀ ကို လူမှုရေးဝန်ကြီးထံသို့ လည်းကောင်း၊ ပဲခူး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူ ၁၅၅၄၃ ဦး အတွက် ထောက်ပံ့ငွေကျပ် ၄၆၆၂၉၀၀၀၀ ကို ကရင် တိုင်းရင်းသားရေးရာဝန်ကြီးထံသို့ လည်းကောင်း လွှဲပြောင်း ပေးအပ်ရာ ထောက်ပံ့မှုများအတွက် တိုင်းဒေသကြီး အသီးသီးမှ မသန်စွမ်းသူများက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်