မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် လက်ယက်မကျေးရွာ စာသင်ကျောင်းအတွင်း၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်နေမှုများအား ဖော်ထုတ်ဖမ်းဆီးရမိ

 

နေပြည်တော်   မေ   ၁၃


မကွေးတိုင်းဒေသကြီး    မြိုင်မြို့နယ်     လက်ယက်မကျေးရွာရှိ စာသင်ကျောင်းအတွင်း   PDF အမည်ခံ   အကြမ်းဖက်သမားများက ဝင်ရောက်နေထိုင်ပြီး ဒေသတည်ငြိမ်အေးချမ်းရေး   ပျက်ပြားစေရန် အတွက် အဖျက်အမှောင့်လုပ်ငန်းများ  လုပ်ဆောင်ရန်   စီစဉ်ခဲ့မှုများကို ယနေ့ညနေပိုင်းတွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။ 

 


ဖြစ်စဉ်မှာ   PDF    အမည်ခံ    အကြမ်းဖက်သမားများသည် လက်ယက်မကျေးရွာရှိ   စာသင်ကျောင်းအတွင်း  အခြေပြုနေထိုင်၍ အဖျက်အမှောင့်လုပ်ငန်းများ စီစဉ်လုပ်ဆောင်နေကြောင်း တာဝန်သိ ပြည်သူများ၏ သတင်းပေးပို့ချက်အရ  သိရှိရသဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင် များက ယနေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် အခြေခံပညာအထက်တန်း ကျောင်း(လက်ယက်မ)အတွင်းသို့ သွားရောက်စစ်ဆေးစဉ် မသင်္ကာ ဖွယ်ရာ အမျိုးသားသုံးဦးအား တွေ့ရှိရသဖြင့် စစ်ဆေးရန်ခေါ်ယူခဲ့ရာ ထွက်ပြေးသွားခဲ့သဖြင့်   ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ပြီး  အဆိုပါ ကျောင်းအတွင်း အသေးစိတ် စစ်ဆေးခဲ့ရာ  လက်လုပ်သေနတ် ၃၁ လက်၊ လက်လုပ်စိန်ပြောင်း နှစ်လက်၊ လက်လုပ်ရှော့တိုက်ဒုံး ၁၂ လုံး၊ လက်လုပ်မိုင်း ၁၀ လုံး၊   လက်လုပ်သေနတ်ပြုလုပ်ဆဲ   ၁၀ လက်၊ လက်လုပ်မိုင်းပြုလုပ်ဆဲ ၇၂ လုံး၊ လက်လုပ်ဗုံးသီးမျိုးစုံ ၁၅ လုံး၊ ယမ်းမှုန့် ၅၀   သားခန့်ရှိ   ၁၇  ထုပ်၊    မီးစက်  ၃၅  ကောင်  နှစ်လုံး အပါအဝင်  လက်လုပ်လက်နက်ခဲယမ်းများ  ပြုလုပ်သည့် ဆက်စပ် ပစ္စည်းများနှင့် မော်တော်ဆိုင်ကယ်နှစ်စီးနှင့် အမျိုးသားအလောင်း သုံးလောင်းတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

 


PDF အမည်ခံ   အကြမ်းဖက်သမားများအနေဖြင့်    စစ်ရေးနှင့် မသက်ဆိုင်သော  စာသင်ကျောင်းများအတွင်း  အကာအကွယ်ရယူကာ ဒေသအတွင်း   တည်ငြိမ်အေးချမ်းမှုကို   ပျက်ပြားစေရန်   လုပ်ဆောင် လျက်ရှိသည့်အပြင် အကြမ်းဖက်မှုများပြုလုပ်ရန်အတွက် တရားမဝင် လက်နက်၊  ခဲယမ်းနှင့်  ဆက်စပ်ပစ္စည်းများ  ပြုလုပ်နေခြင်းသည် ကျောင်းနေအရွယ်ကလေးသူငယ်များ၏ ပညာသင်ယူခွင့်ကို ထိခိုက် နစ်နာစေခြင်းနှင့်    ဒေသဖွံ့ဖြိုးရေးအတွက်   အထောက်အကူပြု သည့်  ပညာရည်မြင့်မားမှုကို ပိတ်ပင်ဖျက်ဆီးခြင်းဖြစ်သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် အရေးယူမှုများ ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်