မကွေးတိုင်းဒေသကြီး မန်းချောင်းအပန်းဖြေဆင်စခန်းအတွင်း အရိပ်ရ မန်ကျည်းပင်ပေါင်း ၄၀၀၀ စိုက်ပျိုး

မင်းဘူး    ဇူလိုင်    ၁၂
မကွေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းက ၂၀၂၄ ခုနှစ်  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအဖြစ်   အရိပ်ရ မန်ကျည်းပင်ပေါင်း ၄၀၀၀ စိုက်ပျိုးပွဲကို ဇူလိုင် ၁၁ ရက်က မင်းဘူး(စကု)မြို့နယ်ရှိ    ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်း ဧရိယာအတွင်း၌ ပြုလုပ်သည်။
သစ်ပင်စိုက်ပျိုးပွဲတွင်  မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊   တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံများနှင့် ဖိတ်ကြားထားသူ များက မကွေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအဖြစ် ဆင်များ အတွက် အဓိကအထောက်အကူပြုစေမည့် အရိပ်ရ မန်ကျည်းပင်ပေါင်း ၄၀၀၀ ကို “ကမ္ဘာ့မြေဆီလွှာ ထိန်းသိမ်းဖို့ သစ်ပင်စိုက်ကြစို့” ဆောင်ပုဒ်နှင့်အညီ စုပေါင်းစိုက်ပျိုးခဲ့ကြပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက  ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းဧရိယာအတွင်း၌     သစ်ပင် စိုက်ပျိုးနေမှုများကို   လှည့်လည်ကြည့်ရှုအားပေး သည်။ (အပေါ်ပုံ)
ထို့နောက် ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်း ရှင်းလင်းဆောင်တွင် မကွေးတိုင်းဒေသ ကြီး မြန်မာ့သစ်လုပ်ငန်းက   ဒုတိယအထွေထွေ မန်နေဂျာ ဦးမိုးမြင့်က  ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု နှင့် ဆင်စခန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်မှုများနှင့် မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ် ရေးဌာနက မြန်မာနိုင်ငံအတွင်း၌  ရွှေစက်တော် မန်းချောင်း         အပန်းဖြေဆင်စခန်းအပါအဝင် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွား လုပ်ငန်း Elephant Conservation Based Tourism (ECBT) ဆင်စခန်း ၂၃ ခု   ဖွင့်လှစ်ထားရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြရာ    တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက  ဆင်စခန်းရှိ    ရှုမျှော်ဆောင်မှ တစ်ဆင့် ဆင်လိမ္မာလေးများ ကျန်းမာပျော်ရွှင်စေ ရန် ဆင်ဦးစီးများက နေ့စဉ် နံနက်တိုင်း ရွှေစက်တော် မန်းချောင်းအတွင်း    ရေချိုးပေးခြင်းအစီအစဉ် ဆောင်ရွက်နေမှုများကို      ကြည့်ရှုအားပေးပြီး ဆင်စခန်းရှိ ဆင်ဝန်ထမ်းမိသားစုများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးခြင်း၊ ကျောင်းသား ကျောင်းသူများအတွက်      စာရေးကိရိယာများ ထောက်ပံ့ပေးခြင်းများပြုလုပ်ရာ အဆိုပါဆင်စခန်း ရှိ ဆင် ၁၂ ကောင်အား ဆင်စာဘူဖေးများ ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)