မကွေးတိုင်းဒေသကြီး ပေါက်မြို့၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို မလိုလားသူ ဆူပူအကြမ်းဖက်သူများက အခြေခံပညာမူလတန်းလွန်ကျောင်း နှစ်ကျောင်းအား လက်လုပ်မိုင်းများအသုံးပြု၍ ဖောက်ခွဲဖျက်ဆီး

 

နေပြည်တော်   ဒီဇင်ဘာ   ၂၆


မကွေးတိုင်းဒေသကြီး   ပေါက်မြို့၌  ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူအကြမ်းဖက် သူများက     အခြေခံပညာမူလတန်းလွန်ကျောင်း  နှစ်ကျောင်းအား လက်လုပ်မိုင်းများအသုံးပြု၍ ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

 


ထိုသို့    လက်လုပ်မိုင်းအသုံးပြု၍   ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာ     ဒီဇင်ဘာ   ၂၅   ရက်     နံနက်  ၉  နာရီခွဲခန့် တွင် မကွေးတိုင်းဒေသကြီး      ပေါက်မြို့      အောင်တော်မူရပ်ကွက်ရှိ  မှတ်(၂)   အခြေခံပညာမူလတန်းလွန်ကျောင်းအား  ကျောင်းရှေ့ လမ်းပေါ်မှ  ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သမားတစ်ဦးက လက်လုပ်ဗုံးတစ်လုံးဖြင့်   ပစ်ပေါက်ထွက်ပြေးခဲ့ရာ   လက်လုပ်ဗုံးမှာ     ကျောင်းဝင်းအတွင်းရှိ  အလျား ပေ ၁၂၀၊ အနံ ပေ ၃၀ သွပ်မိုး၊  အုတ်ခင်း၊   အုတ်ကာ  ကျောင်းဆောင်ရှိ   သတ္တမတန်း  စာသင်ဆောင်ရှေ့သို့   ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့်  အဆိုပါကျောင်းဆောင်၏  မျက်နှာကြက် ၁ဝ  ချပ်နှင့်   ပြတင်းတံခါးမှန်အချပ်  ၂၀ ကွဲအက်ပျက်စီး ခဲ့ကြောင်း သိရသည်။

 


အလားတူ   နံနက် ၁၀ နာရီ  မိနစ် ၂၀ ခန့်တွင်   အောင်ချမ်းသာ ရပ်ကွက်ရှိ  အမှတ်(၁) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ မသင်္ကာ ဖွယ်  အထုပ်တစ်ထုပ်  တွေ့ရှိကြောင်း  သတင်းအရ  လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့်   ဆရာ ဆရာမများက   သွားရောက်စစ်ဆေးခဲ့ရာ   အဆိုပါ ကျောင်းဝင်းအတွင်း       အနောက်ဘက်ခြံစည်းရိုးအုတ်တံတိုင်းနှင့် ၁၅ ပေခန့်အကွာ၌ အနက်ရောင်ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် အထုပ်တစ်ထုပ် တွေ့ရှိရသဖြင့် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ အဆိုပါအိတ် အတွင်းမှ အလျား ၈ လက်မခန့်၊ အချင်း ၃ လက်မခန့်ရှိ PVC  ပိုက်ဖြင့် ပြုလုပ်ထားပြီး     စားပွဲတင်နာရီတစ်လုံးဖြင့်   ချိတ်ဆက်ထားသည့် လက်လုပ်ချိန်ကိုက်မိုင်းတစ်လုံး တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်ဖောက်ခွဲ ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

 


အထက်ပါဖြစ်စဉ်များမှ စာသင်ကျောင်းများအား  လက်လုပ်မိုင်း အသုံးပြု၍  ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည့်  အကြမ်းဖက် သမားများကို  ဖော်ထုတ်ဖမ်းဆီး၍  ဥပဒေနှင့်အညီ  အရေးယူနိုင်ရေး    လုံခြုံရေးတပ်ဖွဲ့ဝင်များက    ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။       


သတင်းစဉ်