
မကွေး ဇွန် ၁၂
မြန်မာ့ဘောလုံးအားကစား ကျယ်ပြန့်စွာ တိုးတက် မြင့်မားရေးကို အထောက်အကူပြုစေရေး၊ မကွေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘောလုံး အားကစားသမားများအချင်းချင်း သွေးစည်းညီညွတ်မှု စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမို ထွန်းကားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် လူငယ်သွေးသစ် ဘောလုံးအားကစား သမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ သက်တန်းအလိုက် အားကစားပြိုင်ပွဲများကို ကျင်းပ ပေးလျက်ရှိပြီး ၂၀၂၂ ခုနှစ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ငါးခရိုင် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မကွေးခရိုင် အားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်၍ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မကွေးခရိုင် အမျိုးသားဘောလုံးအသင်းနှင့် သရက် ခရိုင် အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစား နေမှုအား ကြည့်ရှုအားပေးသည်။
ဦးစွာ ၂၀၂၂ခုနှစ် မကွေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဖလား ငါးခရိုင် အသက် (၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲအဖြစ် မကွေးခရိုင် အမျိုးသားဘောလုံးအသင်းနှင့် သရက်ခရိုင် အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ သရက်ခရိုင်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ငါးခရိုင်အသက် (၁၉) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်း အနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အသက် (၁၉) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သော သရက်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့်ငွေသားဆုများအား ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယဆုရရှိသော မကွေးခရိုင်အသင်းနှင့် ဘောလုံး ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံးအားကစားသမား ဆု၊ ရှေ့တန်းအကောင်းဆုံးဆု၊ အလယ်တန်း အကောင်းဆုံးဆု၊ နောက်တန်း အကောင်းဆုံးဆုနှင့် ဂိုးသမားအကောင်းဆုံးဆုရရှိသည့် အားကစားသမား များအား ဆုတံဆိပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူ များက အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မောင်ညီညာ