မချိုသောအချို

Type
5

ဆရာမဲဇာ

 

မြန်မာ့ကျေးလက်လူထုသည် ဇာတ်သမားများကို မျှော်လေ့ရှိ၏။  ဇာတ်သမားတို့ထံမှ မှတ်သားစရာ တစ်ခုခုတော့  ကျန်နေခဲ့သည်မှာ အမှန်ပင်။ ဇာတ် သဘင်ပညာရှင်တို့နှင့်   ဆယ့်နှစ်ရာသီပွဲများမှာ လည်း  အချိတ်အဆက်ရှိ၏။ ပွဲလမ်း အကြီးအကျယ် မရှိလျှင်လည်း ရုပ်ရှင်ကားကြီးများကို ငှား၍ကြည့် ကြ၏။ ကွင်းလယ်မှာ ပိတ်ကားထောင် နှစ်ဖက်လုံး မှာ   ပရိသတ်အပြည့်။  ဝေးလံခေါင်ဖျားဒေသများ တွင်မူ ဇာတ်သဘင်လည်းမရောက်၊ ရုပ်ရှင်လည်း မရောက်။ “စစ်ကြောင်းကြီးငါးကြောင်း” ဟူသော ခေါင်းစဉ်ဖြင့်  ခက်ခက်ခဲခဲ   သွားရောက်ကြကာ အသိပညာများ၊    သတင်းအချက်အလက်များကို ဖြန့်ဖြူးရ၏။ ဤတွင် မော်ကွန်းရုပ်ရှင်နှင့် ဗဟို ကျန်းမာရေးဌာနတို့ တွဲမိကြလေသည်။


၃၅ မီလီမီတာ ရုပ်ရှင်ကြီးထဲက “မောင်ရွှေ ဘကလေး” နာမည်ကြီးသလို ဗဟိုကျန်းမာရေး ပညာဌာန၏  ၁၆ မီလီမီတာ ရုပ်ရှင်ထဲက ‘ဦးချာလီ’ သည်လည်း    အထိုက်အလျောက်  နာမည်ရှိ၏။ ကာတွန်းသရုပ်ဆောင်   ဦးချာလီနှင့်  ခြင်ကြီးများ၊ ယင်ကောင်ကြီးများ၏    ပညာပြိုင်ပွဲများကို လူကြီး လူငယ်မရွေး   သဘောကျ၏။ တစ်ကိုယ် ရေသန့် ရှင်းရေး၊   ပတ်ဝန်းကျင်သန့်ရှင်းရေး၊    ရောဂါ ကာကွယ်ရေးအစရှိသော  အသိပညာများကို အဖြစ် မှန်   ပြန်ကြားပေးရုံမက   ရသပညာဖြင့် စိတ်ထဲစွဲ စေရန် ပညာဖြန့်ဖြူးကြပါသည်။
လူထုအတွက်    တင်ဆက်သော   ပညာပေး ပစ္စည်းများသည် အမှန်အကန်ချည်းဖြစ်၏။ ဗဟို ကျန်းမာရေးပညာဌာနသည်   တစ်ကြိမ်တစ်ခါမျှ မမှန်သတင်းများကို လိမ်လည်၍ ဖြန့်ဖြူးခြင်းမရှိခဲ့။ “ဗဟိုကျန်းမာရေးပညာဌာန” သည် ယုံကြည်အပ် သော ရင်းမြစ် (Source) ရရှိနိုင်ရာ အမှတ်တံဆိပ် (Brand Name) တစ်ခုအဖြစ် နှစ်ပေါင်းငါးဆယ် ကျော်ကြာ ရပ်တည်ခဲ့၏။


သို့ရာတွင်   မထင်မှတ်ဘဲ  ထိရှလွယ်သော သတင်းအချက်အလက်နှစ်ခုကို   ထုတ်ပြန်ရန် တာဝန်ယူခဲ့ရလေသည်။ “ဆီလျှော့စားပါ” ဟူသော သတင်းနှင့် “အချိုမှုန့်အန္တရာယ်” ဟူသော သတင်း နှစ်ခုပင်။ 


“ဆီလျှော့စားပါ” ဟူသော ပညာပေးအတွက် ဆန့်ကျင်ဆဲရေးသူများ ပေါ်ထွက်ခဲ့၏။ လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က ဖြစ်ပါသည်။ 
“အချိုမှုန့်အန္တရာယ်” အကြောင်း အသိပညာ ပေးခဲ့သောအခါတွင်  ထိုထိုသော  အချိုမှုန့်ရောင်း စားသူများ၏ စိန်ခေါ်မှုနှင့် ကြုံရပြန်၏။ “မင်းတို့က ဘယ်လောက်နားလည်လို့     ငါတို့ရဲ့   အချိုမှုန့် မကောင်းကြောင်း ပြောရတာလဲ” ဟု တုံ့ပြန်ကြ၏။ ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိ   ပုဂ္ဂိုလ်များ၊ သမား တော်များ၊  ပညာရှင်များက  အချိုမှုန့် အန္တရာယ် အကြောင်းကို     ပြောပြသည်ကိုလည်း   လက်မခံ။


မြန်မာပညာရှင်များနှင့်     နိုင်ငံခြားအခြေပြု စီးပွားရေးသမားများ၏    ထိပ်တိုက်ရင်ဆိုင်ပွဲတွင် ကျန်းမာရေးပညာပေးသူများက       အနိုင်ရ၏။ နိုင်သောကြောင့်  အဆုံးတွင်   ရှုံးသွားလေသည်။ တရားဝင်မီဒီယာများတွင်     အချိုမှုန့်ကြော်ငြာ မထည့်ရေး ကြိုးပမ်းမှုအောင်မြင်ခဲ့၏။ လက်သိပ် ထိုး   မီဒီယာများကြားတွင်  ရှုံးနိမ့်၏။   ရလဒ်ကား အချိုမှုန့်စားသုံးသူများပြားသလောက်  ဈေးကွက် ထဲတွင် အချိုမှုန့်များ လွယ်ကူစွာ ပျံ့နှံ့ဆဲ။  


ဝါသနာအရ   မြန်မာတို့သည်  လက်သိပ်ထိုး မီဒီယာ၊ တိုးတိုးမီဒီယာများမှ  ရသောသတင်းကို လက်ခံယုံကြည်တတ်၏။ သုတေသနပြုကြည့်သော အခါတွင်လည်း     ဤအတိုင်း    တွေ့ရလေသည်။ ထို့ကြောင့်လည်း ကျန်းမာရေးဆိုင်ရာ အသိပညာ ပေး လုပ်ငန်းများကို လူအချင်းချင်း ဆက်သွယ်ပညာ ပေးနည်း (Interpersonal Communication) ကို ဦးစားပေး၍ အသုံးပြုခဲ့ပါသည်။


လူထုအခြေပြု      ကျန်းမာမှုမြှင့်တင်ခြင်း (Community-based   Health Promotion) လုပ်ငန်းများကို ကျေးရွာလူထုနှင့် ပူးတွဲစီမံခဲ့ရာတွင် လူထု၏    ရွေးချယ်မှုအရ     အချိုမှုန့်အန္တရာယ် လျှော့ချရေး ဦးစားပေးစာများ  ပေါ်ထွက်ခဲ့ပါသည်။ လူထုကိုယ်တိုင် ဆုံးဖြတ် အကောင်အထည်ဖော်ကြ သဖြင့် ထိရောက်ခဲ့၏။ 
မြန်မာ့ရုပ်မြင်သံကြားမှလည်း   လူကြည့်များ သော အချိန်ကောင်း (Prime Time)တွင် စီစဉ်ထုတ် လွှင့်ပေးခဲ့သဖြင့် အချိုမှုန့်အန္တရာယ်ကို လူသိများ လာသည်မှာ  အမှန်ပင်။  သိလာရာမှ လက်တွေ့ ကျင့်သုံးဖြစ်ဖို့မှာမူ လူတို့၏ အပြုအမူကို ရှုပ်ထွေးစွာ လွှမ်းမိုးထားသော အချက်အလက်များ (Complexi- ty) ရှိနေသဖြင့်    နားလည်အောင်ကြိုးစားနိုင်မှ တန်ကာ ကျလေသည်။


အချိုမှုန့်ကိစ္စတွင် အရေးပါ အရာရောက်သော သူ (Stakeholder) သုံးမျိုးရှိ၏။
    -     မိသားစုအတွက်  အိမ်ရှင်မ၊
    -     စားသုံးသူအတွက်     စားသောက်ဆိုင် တာဝန်ခံ၊
    -    ဈေးကွက်အတွက်      လက်လီလက်ကား ရောင်းချသူ။
ဤလူပုဂ္ဂိုလ်များက လက်တွေ့ အချိုမှုန့်သုံးစွဲ ရေးကိစ္စကို လွှမ်းမိုးနေကြလေသည်။
ကျွန်တော့်အိမ်တွင်မူ အိမ်ရှင်မက ပြတ်သားစွာ အချိုမှုန့်ဖြတ်လိုက်သည်မှာ နှစ်ဆယ့်ငါးနှစ်မျှပင် ကြာခဲ့လေပြီ။ သို့သော် အိမ်ပြင်ထွက်စားဖြစ်သည့် အခါ အလှူပွဲ၊ မိတ်ဆုံပွဲ   စားဖြစ်သည့်အခါတွင်မူ အချိုမှုန့်နှင့်မကင်းသော အစားအစာများ၏ ဒဏ်ကို ခံရလေသည်။   ခေါင်းနောက်၊   မူးဝေ၊  အိပ်ငိုက်၊ ရင်တုန်စသော   ဝေဒနာများကို    ခံစားရချိန်တွင် ရေကို   တစ်ခွက်ပြီး   တစ်ခွက်သောက်ပြီး     မိမိ ကိုယ်ထဲရှိ အချိုမှုန့်များကို ဆေးချပစ်ရလေသည်။ အချိုမှုန့် ရှောင်သောမိတ်ဆွေ အမေရိကန် ပါမောက္ခ တစ်ဦးမှာမူ အစာစားရင်းနှင့်     အချိုမှုန့်ပါသလား ဟူသော  မေးခွန်းမေးကာ   ငုတ်တုတ်အိပ်ပျော်သွား သည်ကို ကြုံဖူးပါ၏။
စားသောက်ဆိုင် တာဝန်ခံများအား အချိုမှုန့် အန္တရာယ် အသိပညာပေးသောအခါတွင်      “ဤ စားသောက်ဆိုင်မှာ အချိုမှုန့်လုံးဝမသုံးပါ” ဟူသော ဆိုင်းဘုတ်များတင်၍   စားသုံးသူတို့   ကျန်းမာဖို့ ပူးပေါင်းဆောင်ရွက်လာကြသူ များစွာရှိလာပါသည်။ “အချိုမှုန့်မသုံးလျှင် ဘယ်လိုချိုအောင်လုပ်မလဲ” ဟူသော မေးခွန်းအတွက် အဖြေရှိ၏။ ထိုင်းနိုင်ငံတွင် သကြားတစ်မျိုးမျိုးကို အသုံးပြုကြ၏။ 
ချိုချိုစပ်စပ် စားတတ်သော      ထိုင်းလူမျိုးတို့ အတွက်မူ ဟင်းထဲသကြားထည့်လည်း ပြဿနာ မရှိ။ မြန်မာအများစုအတွက်မူ      အခက်အခဲရှိ၏။ ချဉ်ချဉ်ငန်ငန်စပ်စပ်  စားတတ်သော   မြန်မာတို့မှာ သကြားထည့်၍ချိုသော ဟင်းအရသာကို လက်မခံ နိုင်။ “အချိုမကြိုက်ဘဲ ဘာကြောင့် အချိုမှုန့် ကြိုက် သလဲ” ဟူသော  မေးခွန်းအတွက် အဖြေအမျိုးမျိုး ရှိပါ၏။ ဟင်းကို အရသာတိုးချင်၍ အချိုမှုန့် ခပ်ရင်း ခပ်ရင်း   ထိုအရသာကို စွဲသွားကြခြင်းသာ ဖြစ်ပါ သည်။ 
MSG (Mono Sodium Glutamate) ခေါ် အချို မှုန့်ကို  စတင်တီထွင်သူကိုယ်တိုင်လည်း  ဟင်းထဲမှာ ထူးခြားသော  အရသာတိုးစေရန် ရည်ရွယ်ခဲ့လေ သည်။   သင့်တော်ရုံခပ်၍  သုံးနိုင်သော ဓာတုဗေဒ ပစ္စည်းဖြစ်သော်လည်း       ဓာတ်မတည့်သူများ ပေါ်ပေါက်လာခဲ့၏။ တစ်ချိန်က တရုတ်စားသောက် ဆိုင်များတွင် အချိုမှုန့်များစွာသုံးခဲ့သဖြင့် “တရုတ် စာ ရောဂါလက္ခဏာစု” ဟူ၍ပင် ရောဂါနာမည်တပ် ခဲ့၏။   ယခုခေတ်တွင်မူ  ရောဂါအမည်၊ ရောဂါပိုး အမည် တပ်ရာတွင်ပင် ဒေသစွဲ၊ လူမျိုးစွဲဖြင့်  တပ် ခြင်းကို     ရှောင်ရှားကြသဖြင့်  (Chinese Food Syndrome) ဟူသော အမည်ကို အသုံးနည်းသွား ၏။ 


အချိုမှုန့်ကို  စတင်တီထွင်သော ဂျပန်နိုင်ငံတွင် ယခုအခါ အချိုမှုန့်စားသုံးသူ  နည်းလှ၏။ တစ်ချိန်က မြန်မာနိုင်ငံသို့  အချိုမှုန့်များ မှောင်ခိုလမ်းကြောင်း မှ လှိမ့်သွင်းခဲ့သော ထိုင်းနိုင်ငံသားများလည်း အချို မှုန့် မစားသူများ၏။  အနောက်တိုင်းသားများကမူ နဂိုကတည်းကပင်   အချိုမှုန့်ကို  လုံးဝမသုံးကြ။ ဥပဒေအရ အစားအသောက်များတွင် ပါဝင်ပစ္စည်း များကို    တိကျစွာဖော်ပြရန်  ပြဋ္ဌာန်းထားသော ကြောင့်  ဈေးကွက်ထဲတွင် ထိန်းချုပ်ပြီးသား ဖြစ် သွား၏။    ဆားပါဝင်နှုန်း၊    သကြားပါဝင်နှုန်း၊ ကြာရှည်ခံပစ္စည်းများ ထည့်သွင်းမူ ရှိ၊ မရှိ၊ အချိုမှုန့် ကဲ့သို့     သဘာဝမဟုတ်သော    ဓာတ်ပစ္စည်းများ ပါဝင်မှု  ရှိ၊ မရှိ စသည်တို့ကို  စစ်ဆေးမည့် အဖွဲ့ အစည်းများကလည်း စိတ်ချရ၏။


မချိုသော    အချိုမှုန့်ကို   မြန်မာတို့  စွဲလမ်း သွားကြသည်မှာ  ရာစုနှစ်တစ်ဝက်မျှ ရှိလာလေပြီ။ အရသာကလေးကို    စွဲလမ်းနေသဖြင့်   အချိုမှုန့် လျှော့ထည့်ထားလျှင်လည်း သိ၏။ ဖြတ်၍လည်း မရတော့ချေ။   ကျွန်တော်တို့  စည်းရုံးထားသော စားသောက်ဆိုင်များမှာလည်း အချို့မှုန့်မပါသော အစားအသောက်များကို         စားသုံးသူများက    အားမပေးကြသဖြင့် တောင့်မခံနိုင်တော့ချေ။ သို့ဖြစ် ၍ “အချိုမှုန့်လုံးဝမသုံးပါ” ဟူသော    ဆိုင်းဘုတ် လေးများမှာ    အလျှိုလျှိုပျောက်၍    သွားလေတော့ ၏။ 


အချိုမှုန့်   လက်လီလက်ကား  ရောင်းချသော သူများမှာမူ အခြေအနေကို ကြည့်၍ လှုပ်ရှားကြ၏။ “အချိုမှုန့်အန္တရာယ်” အသိပညာပေးလုပ်ငန်းများ ကို  မဆန့်ကျင်ပါ။ စားသုံးသူအတွက် အာဟာရ လည်း  မဖြစ်၊ ရောဂါအမျိုးမျိုး တိုးစေနိုင်သော၊ အာနိသင်ရှိသော အချိုမှုန့်များကို ဝယ်ယူတင်သွင်း ရသဖြင့်   နစ်နာနေသော အသုံးစရိတ်များမှာလည်း မူဝါဒချမှတ်သူများအတွက်  ခေါင်းခဲစရာ ဖြစ်နေ သည်မှာကြာပြီ။   မူဝါဒဆိုသည်မှာ စည်းကမ်း ဥပဒေနှင့်    ထိရောက်စွာ    မထိန်းချုပ်နိုင်သမျှ လိုရာမရောက်နိုင်ကြောင်းကို   လက်တွေ့လုပ်သူ များက သိထား၏။ 


မီဒီယာကြော်ငြာများတွင်   အချိုမှုန့်ကောင်း ကြောင်း ကြော်ငြာများ ထည့်သွင်းဖော်ပြခြင်း မပြုခဲ့ သည်မှာ    အနှစ်နှစ်ဆယ်ကျော်  ကြာလာပြီးမှ ဇာတ်လမ်းတွဲများကြားတွင်      ခပ်တည်တည်ဖြင့် အချိုမှုန့်    ကြော်ငြာဝင်လာသည်မှာ   နှစ်နှစ်မျှမက ရှိလာခဲ့လေသည်။     သွေးတိုးစမ်းသည့်သဘော လည်း ဖြစ်နိုင်၏။ 
တစ်ကိုယ်ကောင်း     စီးပွားရှာသူများက ဤသို့ ထိုးဖောက်လာလျှင်မူ   လက်ရှိဈေးကွက်   ဝင်နေ သော ကြက်သားမှုန့်များ၊ ငါးမှုန့်များတွင် အချိုမှုန့် များ၊    ကြာရှည်ခံဓာတ်ပစ္စည်းများ  မည်ရွေ့မည်မျှ ပါရှိနေသည်ကို ထုတ်ဖော်ထိန်းချုပ် ရန် သင့်လေပြီ။
သို့ရာတွင် မေးခွန်းထုတ်စရာ နှစ်ခုတော့ ရှိနေ ၏။ 


“ဟင်းချိုအောင်  ပုစွန်ခပ်ပါလို့၊  ကိုသာမြတ် သူ့လယ်တော၊ ပီလောရယ်တဲ့ မှိုနားတို” ဟု ဆိုကြ သူများအတွက် ဟင်းချိုအောင် ခတ်စရာ ပုစွန်တွေ ပေါပေါများများ ရှိပါသလား။ ပုစွန်ခတ်ထားသော ဟင်းချိုကိုလည်း အချိုမှုန့်မပါလျှင် မျိုချပါ့မလား ဟူ၍ မေးရချေမည်။          ။