
ကွာလာလမ်ပူ အောက်တိုဘာ ၄
မလေးရှားနိုင်ငံတွင် အောက်တိုဘာ ၃ ရက် ညပိုင်းတွင် ကိုဗစ် -၁၉ နောက်ထပ်ကူးစက်ခံရသူ ၉၀၆၆ ဦး တွေ့ရှိခဲ့ရာ တစ်နိုင်ငံလုံးအနှံ့ စုစုပေါင်းကူးစက်ခံရသူအရေအတွက်မှာ ၂၂၇၇၅၆၅ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။
နောက်ထပ်ကူးစက်ခံရသူများထဲတွင် ၁၂ ဦးမှာ ပြည်ပမှကူးစက်ခံလာရသူများဖြစ်ပြီး ဒေသတွင်းကူးစက်ခံရသူ ၉၀၅၄ ဦးရှိသည်။ သေဆုံးသူဦးရေမှာလည်း ၁၁၈ ဦး တိုးလာသည့်အတွက် သေဆုံးသူ စုစုပေါင်းမှာ ၂၆၆၈၃ ဦး ရှိလာသည်။
လက်ရှိရောဂါခံစားနေရသူ ၁၅၀၃၁၇ ဦးတွင် အထူးကြပ်မတ် ကုသဆောင်၌ ကုသမှုခံယူနေရသူ ၈၆၀ ရှိပြီး ၄၇၈ ဦးမှာ အသက်ရှူ အထောက်အကူပြုကိရိယာ တပ်ဆင်ထားရသည်ဟု သိရသည်။
အောက်တိုဘာ ၃ ရက် တစ်ရက်တည်းတွင်ပင် လူပေါင်း ၂၀၆၅၇၄ ဦးကို ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး လူဦးရေ၏ ၇၂ ဒသမ ၉ ရာခိုင်နှုန်းမှာ အနည်းဆုံးတစ်ကြိမ် ကာကွယ်ဆေးထိုးပေးပြီးဖြစ် သည်။ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူ အရေအတွက်မှာ ၆၃ ဒသမ ၁ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။
ဆင်ဟွာ