မလေးရှားနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ့


 

နေပြည်တော် အောက်တိုဘာ ၂၆


နိုင်ငံတကာခရီးသည်တင် လေယာဉ် များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် မလေးရှားနိုင်ငံတွင် အခက် အခဲကြုံတွေ့နေရသည့် Consistent Reach Sdn., Bhd နှင့် အခြားကုမ္ပဏီ ၁၀ ခုမှ မြန်မာအလုပ်သမားများ၊ ထိန်းသိမ်းရေးစခန်းမှ ပြစ်ဒဏ်ကျခံပြီး သည့် မြန်မာနိုင်ငံသားများ အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၁၇၂ ဦး အား ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး နှင့် ၎င်းတို့၏ ကုမ္ပဏီများမှ ပူးပေါင်း စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင် ခဲ့ရာ ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။ (အောက်ပုံ)
၎င်းတို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု ခုနစ်ရက် နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ ကြသည်။
ဆက်လက်၍ မလေးရှားနိုင်ငံ ရောက် အထောက်အထားမဲ့ မြန်မာ နိုင်ငံသားများနှင့် အကြောင်းအမျိုးမျိုး ကြောင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်း ရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည့် မြန်မာနိုင်ငံသားများအား နိုင်ငံသား ဖြစ်တည်မှု မှန်ကန် ကြောင်း အထောက်အထားများ စိစစ် လျက် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေး လေယာဉ်များဖြင့် ဆောလျင်စွာ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လမ်းညွှန် မှုများနှင့်အညီ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးအနေဖြင့် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းညှိနှိုင်းဆောင်ရွက် လျက်ရှိရာ မလေးရှားနိုင်ငံမှ ယနေ့ထိ ကယ်ဆယ်ရေးလေယာဉ် ၁၇ ကြိမ် တိုင် ပျံသန်းပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။ သတင်းစဉ်