မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း နှစ်သန်းကျော် ရှိလာ

ကွာလာလမ်ပူ စက်တင်ဘာ ၁၅


မလေးရှားနိုင်ငံ၌  တစ်ရက်အတွင်း  ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၁၅၆၆၉ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် လက်ရှိ အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၀၁၁၄၄၀ ရှိလာကြောင်း  မလေးရှားကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။


၁၅၆၅၂ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရ


အဆိုပါတစ်ရက်အတွင်း ကူးစက်ခံရသူများအနက် ၁၅၆၅၂ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ၁၇ ဦး သည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအနက်မှ ကူးစက် ခံရသူများဖြစ်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။
ထို့ပြင်  မလေးရှားနိုင်ငံ၌   ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄၆၃ ဦး ထပ်တိုးလာသဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း     ၂၁၅၈၇ ဦးရှိလာကြောင်း    သိရသည်။ အလားတူ မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၈၀၅၃ ဦး  ထပ်တိုးလာခြင်းကြောင့်  ကိုဗစ်-၁၉ ရောဂါမှ   ပြန်လည် ကျန်းမာလာသူပေါင်း   ၁၇၆၄၅၇၆ ဦးရှိလာကြောင်း     သိရ သည်။


လက်ရှိတွင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲ လူနာပေါင်း ၂၂၅၂၇၇ ဦးရှိကြောင်း၊  ယင်းတို့အနက် ၁၂၄၂ ဦးသည် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းနှင့်      ၆၉၂  ဦးသည်     အသက်ရှူအထောက်အကူပြု ကိရိယာများ လိုအပ်လျက်ရှိကြောင်း သိရသည်။


မလေးရှားနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၆၆ ဒသမ ၃ ရာခိုင်နှုန်း သည်   ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး   တစ်ကြိမ်ထိုးနှံပြီး ဖြစ်ကြောင်းနှင့်  ၅၄ ဒသမ ၁ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်