မလေးရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၈၉၉ ဦး တွေ့ရှိပြီး ၂၂၈ ဦးထပ်မံသေဆုံး

ကွာလာလမ်ပူ  စက်တင်ဘာ  ၂၆


မလေးရှားနိုင်ငံ၌  လွန်ခဲ့သော  ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ      ဓာတ်ခွဲအတည်ပြုလူနာ       ၁၃၈၉၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက် ခံရသူပေါင်း  ၂၁၈၅၁၃၁   ဦးရှိကြောင်း  မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက     ယနေ့ပြောကြား    သည်။


ရောဂါကူးစက်ခံရသူ   ၁၃၈၉၉  ဦးအနက် ခြောက်ဦးသည် ပြည်ပနိုင်ငံများမှ ပြန်လာသူများ ဖြစ်ပြီး ကျန် ၁၃၈၉၃ ဦးသည် ပြည်တွင်း၌  ရောဂါ ကူးစက်ခံရခြင်းဖြစ်သည်။


ထို့အပြင်  မလေးရှားနိုင်ငံ၌   တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် ၂၂၈ ဦး  ထပ်မံသေဆုံးခဲ့သဖြင့် လက်ရှိအချိန်အထိ  ထိုရောဂါဖြင့်  သေဆုံးသူပေါင်း ၂၅၁၅၉ ဦးရှိလာသည်။  သို့သော်  တစ်ရက်အတွင်း လူနာ ၁၈၀၇၄ ဦးခန့် ရောဂါကင်းစင်ပြီး ဆေးရုံများမှ  ပြန်ဆင်းခဲ့ကြသဖြင့်  ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူပေါင်း ၁၉၆၈၅၃၈ ဦး ရှိလာသည်။


လူနာ ၁၀၇၀ သည် အထူးကြပ်မတ်ကုဌာနတွင် ဆေးဝါးကုသမှုခံယူလျက်ရှိပြီး    ၅၉၈ ဦးသည် အသက်ရှူအထောက်အကူပြုကိရိယာ  တပ်ဆင် ထားရသည်။
လက်ရှိအချိန်အထိ နိုင်ငံ၏ လူဦးရေ ၆၉ ဒသမ ၆ ရာခိုင်နှုန်းခန့်သည် ပထမအကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီး လူဦးရေ၏ ၅၉ ဒသမ ၇ ရာခိုင်နှုန်းခန့်သည်  ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ