
ကွာလာလမ်ပူ ဩဂုတ် ၁၆
မလေးရှားနိုင်ငံဝန်ကြီးချုပ် မူဟစ်ဒင်ယာဆင်းသည် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ကြောင်း ယနေ့တွင် ကြေညာသည်။
မလေးရှားဝန်ကြီးချူပ် မူဟစ်ဒင်ယာဆင်းနှင့် ၎င်း၏အစိုးရအဖွဲ့သည် လွှတ်တော် အမတ်အများစု၏ ထောက်ခံမှုဆုံးရှုံးခဲ့ရပြီးနောက် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားသည့်မိန့်ခွန်း၌ မလေးရှားဝန်ကြီးချူပ် မူဟစ်ဒင်ယာဆင်းက ပြောကြားသည်။
မူဟစ်ဒင်ယာဆင်းက ၎င်းအနေဖြင့် ပါလီမန်၌ ၎င်းအားထောက်ခံမှုကို စမ်းသပ်ရန် ကနဦးကြိုးစားခဲ့သော်လည်း ၎င်း၏ညွန့်ပေါင်းအဖွဲ့မှ အမတ် ၁၂ ဦးက ထောက်ခံမှု ရုပ်သိမ်းခြင်းနှင့် အတိုက်အခံပါတီကလည်း ပူးပေါင်းဆောင်ရွက်မှုကို ငြင်းဆိုခဲ့ခြင်းတို့ ရှိခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။
မလေးရှားဝန်ကြီးချုပ် မူဟစ်ဒင်ယာဆင်းသည် ယခင်ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်သွားပြီနောက် ပြီးခဲ့သည့်နှစ် မတ်လအတွင်းက ဝန်ကြီးချုပ်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် မူဟစ်ဒင်ယာဆင်းသည် ပါလီမန်၌ အနည်းငယ်သောလူများနှင့်သာ အာဏာကိုဆက်လက်ကိုင်စွဲထားသူ ဖြစ်သည်။
အာဏာရမူဟစ်ဒင်ယာဆင်းဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော ညီညွတ်သော မလေးရှားအမျိုးသားအဖွဲ့အစည်း(ယူအမ်အင်န်အို)၏ ဥက္ကဋ္ဌ ဖြစ်သူ အာမက်ဇာဟစ်ဟာမီဒီက ဝန်ကြီးချုပ်အား ထောက်ခံမှုကို ယူအမ်အင်န်အို အမတ် များစွာနှင့်အတူ ရုပ်သိမ်းခဲ့ပြီးနောက် မူဟစ်ဒင်ယာဆင်း၏ ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ခြင်းဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်