
အင်္ဂပူ ဩဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင်အတွင်းရှိ လယ်မြေများ ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးမှု အတွက် တောင်သူများအား မျိုးစပါးနှင့် သွင်းအားစု (ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာများ)ထောက်ပံ့ ပေးအပ်ပွဲကို အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဩဂုတ် ၁၅ ရက် က ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင် ဝင်းနှင့် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ တက်ရောက်အားပေးသည်။
မျိုးစပါးနှင့် သွင်းအားစုများ ထောက်ပံ့ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်အောင်ခရိုင်အတွင်း ရှိ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များမှ တောင်သူ များအား ရက် ၉၀ မျိုးစပါးများကိုလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်တို့က ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို လည်းကောင်း ပေးအပ်ပြီး အင်္ဂပူမြို့နယ်မှ ဒေသခံ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြား သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အင်္ဂပူမြို့နယ် တလိုင်းကွင်းကျေးရွာရှိ တောင်သူတစ်ဦး၏ လယ်မြေ ၆ ဒသမ ၁၂ ဧကမှ မိုးစပါး ရေကြီးနစ်မြုပ်ဧရိယာများ တွင် အစားထိုးပြန်လည်စိုက်ပျိုးနေမှုကိုလည်း ကြည့်ရှုအားပေးခဲ့ပြီး ကောက်စိုက်သမများအား အချိုရည်နှင့် မုန့်များပေးအပ်ခဲ့သည်။ အင်္ဂပူမြို့နယ်၌ ရေကြီးနစ်မြုပ်ခဲ့သော စိုက်ခင်းများနေရာ၌ လက်ရှိ အချိန်အထိ ဧက ၁၆၀၀ ခန့်ကို ပြန်လည်စိုက်ပျိုးပြီး ဖြစ်ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)