မင်္ဂလာပါ ၂၀၂၂

Type

 

စာချစ်သူ

 

 ၂၀၂၁  ခုနှစ်   နှစ်ဟောင်းကုန်ဆုံး၍  ၂၀၂၂ ခုနှစ်  နှစ်သစ်သို့ကူးပြောင်း ပေတော့မည်။ ကုန်လွန်ခဲ့သော ၂၀၂၀၊ ၂၀၂၁ ခုနှစ်  ထိုနှစ်နှစ်ကတော့ စိတ်မချမ်းမြေ့ဖွယ်ရာများသာ ပြည့်နှက်နေခဲ့သည်။ ၂၀၁၉ ကုန်ဆုံး၍ ၂၀၂၀  နှစ်သစ်ကူးကာလတွင်   ကမ္ဘာသူ   ကမ္ဘာသားအားလုံးသည် Happy New Year ဟူ၍ ၂၀၂၀ နှစ်သစ်ကို  ပျော်ရွှင်စရာနှစ်သစ်အဖြစ် ကြိုဆိုခဲ့ကြပါသည်။

 


သို့ရာတွင်     နှစ်သစ်၏အမွန်အစကာလမှာပင်    တရုတ်ပြည် ဝူဟန်မြို့မှတစ်ဆင့် စတင်ဖြစ်ပွားခဲ့သော  ကိုဗစ်-၁၉   ကပ်ရောဂါ ဆိုးကြီးသည် ကမ္ဘာတစ်ဝန်းသို့ လျင်မြန်စွာကူးစက်ပျံ့နှံ့သွားသည်။ ကမ္ဘာသူ ကမ္ဘာသား သိန်းသန်းနှင့်ချီ၍ သေဆုံးခဲ့ကြရသည်။  ကမ္ဘာ ကြီး တစ်ခုလုံး သုသာန်တစပြင်ပမာ တိတ်ဆိတ်ငြိမ်သက်သွားသည်။

 


မြန်မာနိုင်ငံသို့မူ    မတ်လနောက်ဆုံးပတ်ခန့်တွင်    ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး စတင်ကူးစက်ပျံ့နှံ့လာသည်။  အသေအပျောက် စာရင်းမှာ အခြားနိုင်ငံများကဲ့သို့ မများပြားခဲ့သော်လည်း  မြို့ရွာ အားလုံးနီးပါး တိတ်ဆိတ်ငြိမ်သက်သွားပြန်ပါသည်။ ဆိုရလျှင် ၂၀၂၀  ပြည့်နှစ် တစ်နှစ်လုံးနီးပါးသည်  ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး၏ ခြိမ်းခြောက်မှုနှင့်     နောက်ဆက်တွဲရိုက်ခတ်မှုဆိုးကျိုးများကြောင့် ကမ္ဘာသူ ကမ္ဘာသားများနည်းတူ  မြန်မာပြည်သူများ၏  လူမှုစီးပွား ဘဝသည်လည်း အခက်အခဲပေါင်းများစွာ၊  စိန်ခေါ်မှုပေါင်းများစွာဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါသည်။

 


မျှော်လင့်ခြင်းများစွာဖြင့် ကြိုဆိုခဲ့ကြ


ဤသို့ဖြင့် ၂၀၂၀ ပြည့်နှစ်ကုန်ဆုံး၍ ၂၀၂၁ နှစ်သစ်သို့ကူးပြောင်း လာခဲ့ပြန်သည်။ နှစ်သစ်အမွန် ၂၀၂၁ ကို လူတိုင်းနီးပါး “Happy New  Year”ဟု     လှိုက်လှိုက်လှဲလှဲကြိုဆိုနှုတ်ခွန်းဆက်ခဲ့ကြပြန်သည်။ တကယ်တော့ ကုန်လွန်ခဲ့သည့် ၂၀၂၀ သည် ကမ္ဘာသူ  ကမ္ဘာသား အားလုံးအတွက် လွမ်းလောက်စရာမဟုတ်ခဲ့။ ဝမ်းနည်းကြေကွဲမှုများ၊ မွန်းကျပ်မှုများ၊ စိုးရိမ်သောကများနှင့် ကိုယ်စီကိုယ်စီဖြတ်သန်းခဲ့ကြ ရသည်မဟုတ်ပါလား။  သို့ကြောင့် လာမည့် ၂၀၂၁ ခုနှစ် နှစ်သစ်ကိုမျှော်လင့်ခြင်းများစွာဖြင့်  လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြပါ၏။

 


သို့သော်၊ သို့သော် ၂၀၂၁ ခုနှစ် နှစ်သစ်သည် ကျွန်တော်တို့အားလုံး ရင်နာစွာဖြင့် နှုတ်ဆက်ခဲ့ပါသော ၂၀၂၀ ထက် ပို၍ခက်ခဲစွာရုန်းကန် ခဲ့ရသည်။ မြန်မာနိုင်ငံအဖို့မူ    အခြားကမ္ဘာ့နိုင်ငံများထက်    စိန်ခေါ်  မှုပေါင်းများစွာ၊ အခက်အခဲအကျပ်အတည်းပေါင်းများစွာ ပို၍ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတော့သည်။

 


၂၀၂၁   ခုနှစ်တွင်   မြန်မာနိုင်ငံ   ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသော ပြဿနာကိစ္စအရပ်ရပ်သည် ၂၀၂၀ နှစ်ဟောင်းက မြစ်ဖျားခံခဲ့ပေသည်။ ပထမပြဿနာကိစ္စရပ်က  ၂၀၂၀ ပြည့်နှစ်  နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်နှင့်  ပတ်သက်သည်။

 

၂၀၂၀ အကုန် ၂၀၂၁ နှစ်သစ်ကူးပြောင်းချိန်ကာလများတွင်     ပွတ်တိုက်မှုများက  များပြားလာသည်။ တပ်မတော်က ရွေးကောက်ပွဲဖြစ်စဉ် အစ၊  အဆုံးအပေါ် အခြေခံ၍ ဖြေရှင်းပေးရန် တောင်းဆိုသည်။  အာဏာရပါတီကမူ   ထွက်ပေါ်လာသောမဲစာရင်း ရလဒ်ကိုသာ ကိုင်စွဲ၍ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တတိယအကြိမ်   လွှတ်တော်ခေါ်ယူပြီး  အစိုးရသစ်တစ်ရပ်ဖွဲ့စည်း ရန်သာ တက်သုတ်ရိုက်ဆောင်ရွက်သည်။

 


ဤသို့ဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ  ၁   ရက်နေ့အကူးတွင် တပ်မတော်က  ၂၀၀၈ ခုနှစ်  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ  နိုင်ငံ တော်၏ အာဏာကိုထိန်းသိမ်းလိုက်သည်။ ကနဦး  ဆန္ဒပြမှုဖြစ်စဉ် များ ပေါ်ပေါက်လာသည်။ ထို့နောက်မှာတော့  CDM လှုပ်ရှားမှုများ၊ ဆူပူဆန္ဒပြမှုဖြစ်စဉ်များ၊ ယင်းနောက်မှာတော့ အကြမ်းဖက်မှုဖြစ်စဉ် များပေါ်ပေါက်လာသည်။ အကြမ်းဖက်မှုဖြစ်စဉ်များအတွင်း အပြစ်မဲ့ ပြည်သူများ၊  Non CDM နိုင်ငံ့ဝန်ထမ်းများ၊ သံဃာတော်များပါမကျန်  အများအပြားပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်ခံခဲ့ကြရရှာသည်။

 


၂၀၂၁ ခုနှစ်သည် ခက်ခဲလှပါဘိ


ထိုစဉ်အတောအတွင်းမှာပင်   အားလုံးမေ့လျော့နေကြသည့်  ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး၏  တတိယလှိုင်းသည် ဇူလိုင်လတွင်  အလစ်အငိုက်ဝင်ရောက်လာသည်။ ကိုဗစ်- ၁၉  တတိယလှိုင်းသည် သည်တစ်ခါတော့  မြန်မာပြည်သူအများစုကို   သက်ညှာခွင့်မပေး တော့ပါ။ ကိုယ့်ပတ်ဝန်းကျင် မျက်စိအောက်မှာပင်   ခင်မင်ရင်းနှီး ခဲ့သူများ  တဖြုတ်ဖြုတ်သေဆုံးကုန်ကြသည်။ အချို့က မိခင်၊ ဖခင်  မိသားစုဝင်များနှင့်    သေကွဲ    ကွဲခဲ့ကြရရှာသည်။  နာရေးကိစ္စများကို  ယခင်ကသို့နှယ် စည်စည်ကားကားကျင်းပခွင့်ပင်မရခဲ့ကြ။ တက်သုတ်  ရိုက်စီစဉ်ခဲ့ကြရရှာသည်။ သည်တောင်ကို မကျော်နိုင်တော့ပြီဟုပင် အားလုံးလက်မှိုင်ချ   စိတ်ပျက်အားငယ်ခဲ့ကြရသည်။   ဘဝတစ်ခု ရပ်တည် ရှင်သန်ရေးအတွက် ၂၀၂၁ ခုနှစ်သည် ခက်ခဲလှပါဘိ။

 


သို့ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အိမ်စောင့်အစိုးရ သည် အရေးပေါ်လိုအပ်နေသော အောက်ဆီဂျင်နှင့် ဆေးဝါးပစ္စည်းများ ကို  အလုံးအရင်းဖြင့် တင်သွင်း၊  ထုတ်လုပ်နိုင်ရန်  စီမံဆောင်ရွက်ခဲ့ သည်။ နိုင်ငံတကာမှ မိတ်ဆွေနိုင်ငံများ၊ ပြည်တွင်းအလှူရှင်များ၊  လူမှုရေးအသင်းအဖွဲ့များ၏ ပံ့ပိုးကူညီမှုများ၊ နိုင်ငံတော်၊ တပ်မတော်၊ ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းကို ကြံ့ကြံ့ခံ တွန်းလှန်ခဲ့သည်။ နှစ်စက အစပျိုးဆောင်ရွက်ခဲ့သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုများကို အရှိန်အဟုန်ဖြင့်  တိုးမြှင့် ဆောင်ရွက်ခဲ့သည်။ ဤသို့ဖြင့် ကိုဗစ်-၁၉  တတိယလှိုင်းကို  အရင်း အနှီးအချို့ ပေးဆပ်၍ ကျော်လွန်ဖြတ်သန်းနိုင်ခဲ့ပြန်သည်။ နိုင်ငံတော်  တည်ငြိမ်အေးချမ်းရေးအတွက်လည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့၍ လက်ရှိ  ၂၀၂၁ နှစ်ကုန်ခါနီးတွင်   ဒေသအချို့မှအပ   နိုင်ငံတစ်ဝန်း  တည်ငြိမ်အေးချမ်းလာသည်။    နိုင်ငံတော်၏အရွေ့သည်   အကောင်း ဘက်သို့ ဦးတည်လာပြီဟု ဆိုရမည်။

 


အနိဋ္ဌာရုံများကို မကြုံတွေ့ချင်တော့ပါ


ယခု ၂၀၂၁ နှစ်ဟောင်းကုန်ဆုံး၍ ၂၀၂၂ နှစ်သစ်သို့ ကူးပြောင်း ပေတော့မည်။ လာမည့်နှစ်သစ်အမွန်  ၂၀၂၂  တွင် ၂၀၂၀၊ ၂၀၂၁ ခုနှစ် နှစ်ဟောင်းအတွင်းက  ကြုံတွေ့ခဲ့ရသည့်  အနိဋ္ဌာရုံများကို ဆက်လက် မကြုံတွေ့ချင်တော့ပါ။  ၂၀၂၂ ခုနှစ် နှစ်သစ်ကို မင်္ဂလာရှိသောနှစ်သစ် အဖြစ်သာ ကျော်လွန်ဖြတ်သန်းချင်ပါ၏။

 


နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းရောက်ရှိသည့် နှစ်သစ် အခါသမယနှင့်ပတ်သက်၍ ပါမောက္ခချုပ်ဆရာတော် အရှင်ဒေါက်တာ နန္ဒမာလာဘိဝံသ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်မင်္ဂလာ  ဓမ္မသဘင်အခမ်းအနားဝယ်    ဟောကြားအပ်သော   “နှစ်သစ်မေတ္တာ လူတိုင်းမှာ” တရားဒေသနာတော်တွင် -


“ယခုလို နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်အခါသမယပြောင်းလဲရောက်ရှိလာတဲ့အခါမှာ လူတွေဟာ  တစ်ဦးနဲ့တစ်ဦး  နှုတ်ခွန်းဆက်ကြ တယ်။ နှစ်သစ်မင်္ဂလာကိုကြိုဆိုတဲ့အနေနဲ့    အားလုံး တစ်ဦးအပေါ် တစ်ဦး မေတ္တာထားကြပြီး  ‘နှစ်သစ်မင်္ဂလာအခါသမယမှာ ပျော်ရွှင် ချမ်းမြေ့ပါစေ’၊  ‘Happy New Year ’လို့ ပြောကြတာပေါ့။  တကယ် တော့  လောကလူသားတွေဟာ ဒီကနေ့ ဘာကိုလိုလားကြတာလဲလို့ ဆိုရင်  ပျော်ရွှင်ချမ်းမြေ့မှုလို့ဆိုတဲ့  Happiness ကို  လိုလားကြတယ်ဆို တာ အင်မတန်မှထင်ရှားတယ်။  ပျော်ရွှင်ချမ်းမြေ့မှု၊ ဘဝမှာ  ထာဝရ ပျော်ရွှင်နိုင်ဖို့ လူတွေ နေ့စဉ်ကြိုးပမ်းအားထုတ်နေကြတယ်။ ဒီအချက် ကိုလည်းပဲ မြတ်စွာဘုရားက ဟောကြားခဲ့တာရှိတယ်။

 


ပျော်ရွှင်ချမ်းမြေ့မှုကိုရှာ


မြတ်စွာဘုရားဟောတဲ့အထဲမယ် လူတွေရဲ့ဆန္ဒကိုထုတ်ဖော်ပြီး ‘သုခကာမာ ဒုက္ခပဋိကူလာ’လို့ဆိုတဲ့စကားရှိတယ်။ လူတိုင်းလူတိုင်း ဟာ ဆင်းရဲဒုက္ခကို ရွံရှာမုန်းတီးကြတယ်။ ဘယ်သူမှ မဆင်းရဲချင်ကြ ဘူး။  သုခကာမ - ချမ်းသာပျော်ရွှင်မှုကို   မြတ်နိုးကြတယ်။  ဒါက လူတိုင်း  လူတိုင်းမှာရှိနေတဲ့ ဆန္ဒပဲ။ အဲဒီဆန္ဒကို ထုတ်ဖော်ကြတဲ့အခါမှာ တော့ ဘာသာအမျိုးမျိုး၊ ဆရာအမျိုးမျိုး ဟောကြားတယ်။ မိမိတို့ရဲ့ ယုံကြည်ချက်၊   ယူဆချက်အတိုင်း   ပျော်ရွှင်ချမ်းမြေ့မှုကိုရအောင် ရှာကြတယ်။  ဘယ်နည်းနဲ့ရရ  ရတဲ့ပျော်ရွှင်ချမ်းမြေ့မှုကို   လိုလားကြ လို့  ရနိုင်တဲ့   နည်းလမ်းအမျိုးမျိုးအသုံးချပြီး  ပျော်ရွှင်ချမ်းမြေ့မှုကို ရှာကြတာပဲ။

 


ဗုဒ္ဓမြတ်စွာဟောကြားတဲ့      တရားဓမ္မဟာ     လူမျိုးနဲ့လည်း မသက်ဆိုင်ဘူး၊ ဘာသာတရားဆိုတဲ့ ကိုးကွယ်မှုနဲ့လည်း  မသက်ဆိုင် ဘူး။ ဘယ်ပုဂ္ဂိုလ်ပဲလိုက်နာလိုက်နာ၊ ဘယ်ပုဂ္ဂိုလ်ပဲကျင့်သုံး ကျင့်သုံး  ဓမ္မဆိုတာဟာ အားလုံးအတွက်ပဲဖြစ်တယ်။ ဒါကြောင့်မို့  ဘုန်းကြီး အနေနဲ့ ဒီကနေ့ ‘နှစ်ဦးမေတ္တာ လူတိုင်းမှာ’ဆိုတာ ဟောမှာပါ” ဟု ပဏာမ ဟောကြားတော်မူခဲ့ပါသည်။

 


ဆက်လက်၍ “မေတ္တာဆိုတဲ့တရားဟာ လူမျိုးနဲ့လည်း သက်ဆိုင် တာမဟုတ်ဘူး။ ဘာသာနဲ့လည်းသက်ဆိုင်တာမဟုတ်ဘူး။ ဘယ်သူပဲ အသုံးချချ ထိုမေတ္တာတရားရဲ့  စွမ်းအားကို  ရကြမှာပဲဖြစ်တယ်။ မေတ္တာဆိုတာ နေရာတကာအရေးကြီးတယ်။ အခုလို ၂၀၁၂ ခုနှစ်  စတင်တဲ့နေ့မှာ  ဒီတစ်နှစ်တာကာလပတ်လုံး   ပြောသမျှ ဆိုသမျှ၊ စိတ်ကူးသမျှတွေဟာ    မေတ္တာနဲ့လုပ်ဆောင်သွားကြမယ်ဆိုရင် အားလုံးအတွက်       အကျိုးဖြစ်ထွန်းမယ်ဆိုတာ   သေချာတယ်။ ကိုယ့်အတွက်လည်း   အကျိုးဖြစ်ထွန်းမှာပဲ၊   သူများအတွက်လည်း အကျိုးဖြစ်ထွန်းမှာပဲ၊ လူတိုင်းအတွက်လည်း အကျိုးဖြစ်ထွန်းမှာပဲ။ လူတိုင်းလူတိုင်းရဲ့  နှလုံးသားထဲမှာ  အခုလိုနှစ်သစ်အခါသမယမှာ  မေတ္တာတရား ကိန်းဝပ်နေအောင်ကြိုးစားရမယ်”။
မေတ္တာဆိုတာ “မိတ်ဆွေတို့ရဲ့စိတ်ဓာတ်၊  မိတ်ဆွေရဲ့စိတ်နေ သဘောထား”လို့ အဓိပ္ပာယ်ရတယ်။ ပါဠိစကားလုံးပဲ။ မိတ္တဿသော မေတ္တာ။  

 

မိတ်ဆွေရဲ့  စိတ်နေသဘောထား။  မိတ်ဆွေရဲ့စိတ်နေ သဘောထား ဘယ်လိုရှိသလဲ၊ မိတ်ဆွေရဲ့စိတ်နေသဘောထားသည်  မိမိနှင့်ခင်မင်သူတွေအားလုံး  ကြီးပွားတိုးတက်စေချင်တယ်၊ ပျော်ရွှင် ချမ်းမြေ့စေချင်တယ်။ အဲဒီစိတ်ဓာတ်ကို  အကန့်အသတ်ထားရမလားလို့ ဆိုတော့ မိတ်ဆွေတွေရဲ့ စိတ်ဓာတ်ကို အားလုံးအပေါ်မှာ ထားနိုင် အောင်      ကြိုးစားရမယ်။     ကိုယ့်မိတ်ဆွေဟုတ်သည်ဖြစ်စေ၊ ကိုယ့်မိတ်ဆွေမဟုတ်သည်ဖြစ်စေ၊ ကိုယ်နဲ့မသင့်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေ၊  ဘယ်ပုဂ္ဂိုလ်တွေအပေါ်ဖြစ်ဖြစ် အားလုံးအပေါ်မှာ  ဒီစိတ်ဓာတ်ကို ဖြန့်ကြက်ထားနိုင်တာကို မေတ္တာလို့ခေါ်တယ်။  အဲဒီလိုဖြန့်ကြက် ထားနိုင်အောင်   ကြိုးစားဖို့    ဘုန်းကြီးတို့တစ်တွေလုပ်ကြရမယ်။ ဒီမေတ္တာဆိုတဲ့တရားဟာ လူတွေရဲ့နှလုံးသားထဲမှာ  အခြေခံအားဖြင့် ပါရှိနေသော်လည်းပဲ တိုးတက်အောင်မလုပ်ဘူးဆိုလို့ရှိရင် ဒီမေတ္တာ ဟာ တိုးပွားလာမှာမဟုတ်ဘူး။  ဒါကြောင့်မို့လို့   လေ့ကျင့်ပြီးတော့ မေတ္တာနှလုံးသား ရင်ထဲမှာပြန့်ပွားလာအောင်  ကြိုးစားအားထုတ် ရမယ်”ဟု ဟောဖော်ညွှန်ပြ မိန့်ကြားတော်မူခဲ့ပါသည်။

 


မေတ္တာတရား သုံးမျိုး


ထို့နောက်   ဆရာတော်ကြီးက   မေတ္တာတရားနှင့်ပတ်သက်၍ “မေတ္တာကို မြတ်စွာဘုရားက သုံးမျိုးခွဲပြထားတယ်။ ကာယကံမေတ္တာ၊  ဝစီကံမေတ္တာ၊ မနောကံမေတ္တာလို့။

 


မနောကံမေတ္တာက စပြောမယ်။ “အားလုံးအဆင်ပြေကြပါစေ၊ ချမ်းသာကြပါစေ၊ ပျော်ရွှင်ကြပါစေ၊ အခက်အခဲမရှိကြပါစေနဲ့”လို့ အကျိုးစီးပွားကိုလိုလားတဲ့ စိတ်နေသဘောထားလေးကို မနောကံ မေတ္တာလို့ ခေါ်တယ်။         

 


မနောကံမေတ္တာရှိရင်    ဝစီကံမေတ္တာဆိုတာလည်း   ရှိတယ်။ တစ်ဦးနဲ့တစ်ဦး   ကောင်းကျိုးချမ်းသာရစေနိုင်တဲ့    စကားတွေကို ပြောတယ်၊ အကြံပေးမယ်၊ အကြံကောင်းတွေပေးတယ်၊ သတိပေး တယ်။ ဒီလိုတစ်ဦးနဲ့တစ်ဦး နှုတ်၏စောင်မခြင်း၊  မေတ္တာအရင်းခံတဲ့ အပြောအဆိုများနဲ့ ပြောဆိုကူညီပေးခြင်း၊  ဒါလည်း  လောကမှာ အင်မတန်မှအရေးကြီးတယ်။

 


နောက်တစ်ခါ     ကာယကံမေတ္တာလို့ဆိုတယ်။   တစ်စုံတစ်ခု ကိုယ့်ရှေ့မှာ ဆိုပါစို့၊ လူတစ်ယောက်ဟာ ကိုယ်ရှေ့မှာအရေးကြီးတဲ့ ပိုက်ဆံအိတ်ကလေးတို့၊  တယ်လီဖုန်းတို့  မေ့ကျန်ရစ်ခဲ့တယ်ဆိုရင် သိမ်းပေးထားတယ်။ အကြောင်းကြားပေးတယ်။  မပျောက်မပျက် အောင် လုပ်ပေးထားတယ်။ ဒါက  ကာယကံမေတ္တာလို့ခေါ်တယ်။  သွားတဲ့လမ်းတွေမှာ ခလုတ်မထိ ဆူးမငြိအောင် သူများမမြင်တာတွေကို   ဖယ်ရှားပေးတယ်။   ကိုယ်အရင်တွေ့ရင်    ကိုယ်ဖယ်ရှားပေးလိုက် တယ်။ ဆိုလိုတာက “ဘယ်သူမှ ဒုက္ခမရောက်အောင်  ကိုယ်မြင်တဲ့ အခါမှာ ဆောင်ရွက်လုပ်ကိုင်ပေးသွားတာလေးတွေ”၊ ဒါကို ကာယကံ မေတ္တာလို့ ခေါ်တယ်။

 


မေတ္တာဟာ ဘယ်သူ့သန္တာန်မှာပဲဖြစ်ဖြစ် ကုသလာ  အနဝဇ္ဇသုခ ဝိပါကလက္ခဏာ။   အပြစ်ကင်းတယ်တဲ့။  အပြစ်မရှိတဲ့အရာတစ်ခု၊  အပြစ်မရှိဘူးဆိုတာ ဘယ်သူက အပြစ်တင်စရာမှမရှိတာ၊ မကောင်း တာ ကောင်းအောင်လုပ်ပေးတယ်ဆိုတာ အပြစ်ပြောစရာမရှိဘူး။
ဒါကြောင့်မို့   ဆက်ဆံတဲ့အခါမှာ  မေတ္တာနဲ့ဆက်ဆံရမယ်။ မေတ္တာနဲ့ဆက်ဆံမှု ခိုင်မာဖို့အတွက်  ခန္တီတရားနဲ့  သည်းခံရမယ်။ ခန္တီဆိုတာ  “အောင့်အည်းထားနိုင်ခြင်း   (သို့မဟုတ်)   ကိုယ့်စိတ်ကို ထိန်းနိုင်တဲ့စွမ်းရည်သတ္တိ”ကို ခေါ်တာ။  တကယ်အဓိပ္ပာယ်ပေါ်အောင်  ခန္တီဆိုတာ ဘာလဲဆိုရင် “စိတ်စွမ်းအင်တစ်မျိုး”ပဲ။ စိတ်စွမ်းအင်တစ်မျိုး  ဆိုတာ “ဆန့်ကျင်ဘက်တွေနဲ့ ကြုံတွေ့လာသော်လည်းပဲ ပြောင်းလွဲ တုန်လှုပ်ခြင်းမရှိတဲ့  စိတ်ဓာတ်စွမ်းအင်တစ်မျိုး”ကို  ခန္တီလို့ခေါ်တယ်။ လောကမှာ မေတ္တာနဲ့ဆက်ဆံပြီး ခန္တီနဲ့သည်းခံနိုင်စွမ်းရှိမှ အလုပ်ကိစ္စ ဆိုတာအောင်မြင်တယ်တဲ့။

 


ဥပေက္ခာနဲ့ လျစ်လျူရှုနိုင်ရမယ်


နောက်တစ်ခါ   ဥပေက္ခာနဲ့    လျစ်လျူရှုနိုင်ရမယ်၊   ဥပေက္ခာနဲ့ ခွင့်လွှတ်နိုင်ရမယ်ပေါ့။ ခွင့်မလွှတ်နိုင်ဘူးဆိုရင် ပြဿနာတက်တာပဲ နော်။ အဲဒီလို  မေတ္တာရယ်၊   ခန္တီရယ်၊  ဥပေက္ခာရယ်  ဒီတရားသုံးပါးကို    လက်ကိုင်ထားပြီးတော့ ကျင့်သုံးမယ်ဆိုရင် မည်သည့်ပုဂ္ဂိုလ်မှာပဲ ဖြစ်ဖြစ် ပြဿနာဆိုတာ ပြေလည်သွားမှာပဲ။

 


အဲဒီတော့ မြတ်စွာဘုရားရဲ့တရားဆိုတာ  ဘာသာတရားနဲ့လည်း မဆိုင်ဘူး။ လူမျိုးနဲ့လည်း  မဆိုင်ဘူးနော်၊  ကိုးကွယ်မှုတွေနဲ့ ဘာမှ မဆိုင်ဘူး။ ကိုယ့်ရဲ့စိတ်ဓာတ်၊ ကိုယ့်ရဲ့ Internal examine နဲ့ဆိုင် တယ်။ အတွင်းကိုပြန်ပြီးတော့ checking လုပ်တယ်၊ သုံးသပ်တယ်။ ကိုယ့်ရဲ့ စိတ်ဓာတ်ကို Mental check-up လုပ်တယ်ပေါ့နော်။  ကိုယ့်ရဲ့ စိတ်ကို ကိုယ် check-up လုပ်ပြီးတဲ့အခါမှာ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေဆိုတာတွေမဖြစ်အောင်   ကြိုးစားအားထုတ်ခြင်းပဲဖြစ် တယ်။ ဒါတွေကို  သဘောကျပြီး  နေ့စဉ်ဘဝလှုပ်ရှားသွားလာပြီးတော့နေတဲ့ အခါ၊ အများနဲ့ဆက်ဆံတဲ့အခါမှာ  အားလုံးပြန်ပြီးတော့  နိဂုံးချုပ် ပြောရမယ်ဆိုရင် -


အခုလို “နှစ်ဦးမေတ္တာ လူတိုင်းမှာထားရမှာကတော့  အားလုံး အပေါ်မှာ မေတ္တာနဲ့ ဆက်ဆံရမယ်။ ခန္တီဆိုတဲ့တရားနဲ့ သည်းခံနိုင်ရ မယ်။ ဥပေက္ခာဆိုတဲ့ တရားနဲ့နော် ခွင့်လွှတ်နိုင်ရမယ်။ သမ္မာဒိဋ္ဌိ၊ သမ္မာ သင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဆိုတဲ့ အလုပ်လုပ်တဲ့  မဂ္ဂင် ငါးမျိုး၊ သီလမဂ္ဂင်သုံးမျိုးကိုအခြေခံပြီးတော့ အလုပ်လုပ်တဲ့ မဂ္ဂင်  ငါးမျိုး စုစုပေါင်း  မဂ္ဂင်ရှစ်ပါးအကျင့်တရားနဲ့ ဘဝခရီးမှာ မိမိတို့ ဘဝ အခြေအနေမှန်ကို ဆင်ခြင်သုံးသပ်နိုင်အောင်  နေ့စဉ်နဲ့အမျှ stress  တွေကို လျှော့ချနိုင်အောင် ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်” လို့ ကိုယ်စီကိုယ်စီ    သတိထားပြီး  အခု  နှစ်ဆန်းတစ်ရက်နေ့ကစပြီး မြတ်စွာဘုရားဟောတဲ့အတိုင်း     လိုက်နာကျင့်သုံးနိုင်ကြပါစေ ကုန်သတည်း” စသဖြင့် ဟောဖော်ညွှန်ပြ ဆိုဆုံးမတော်မူခဲ့ပါသည်။

 


သို့နှင့်လာမည့် ၂၀၂၂ ခုနှစ် နှစ်သစ်တွင် မြန်ပြည်တစ်ဝန်းအေးချမ်း သာယာဝပြောရေးအတွက် မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအပေါင်း သည်  မေတ္တာတရားကိုအခြေခံ၍ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊  တစ်သင်းနှင့်တစ်သင်း ခန္တီတရားနှင့် သည်းခံခြင်း၊ ဥပေက္ခာတရားနှင့် ခွင့်လွှတ်ခြင်းတို့ဖြင့် ကျော်ဖြတ်ကြရပါမည်။

 


နှစ်သစ်မင်္ဂလာတွင် အမှန်တကယ်  မင်္ဂလာရှိစေရေးအတွက် လည်း (၃၈)ဖြာ မင်္ဂလာတရားတော်နှင့်အညီ  မိမိတို့အိမ်ထောင်စု၊  မိမိတို့ရပ်ရွာ၊ မြို့နယ်၊ တိုင်းခရိုင်သာယာရေးအတွက် မင်္ဂလာရှိသော စကား၊ မင်္ဂလာရှိသော အလုပ်အကိုင်၊ အပြုအမူများဖြင့်  လုပ်ကိုင်ပြုမူ ပြောဆိုကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 


၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်မည့်  နှစ်သစ်မင်္ဂလာ အခါသမယတွင် ကမ္ဘာသူ ကမ္ဘာသားအားလုံး၊ မြန်မာနိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြ၍ မင်္ဂလာအပေါင်းနှင့် ခညောင်း ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါဘိ။ 
မင်္ဂလာပါ ၂၀၂၂ ။     ။