မြန်မာနှစ်သစ်ကူးပြောင်းသည့် သင်္ကြန်ပွဲတော်ကို ပျော်ရွှင် စွာ ဆင်နွှဲခဲ့ကြပြီးနောက် နှစ်သစ်၏ အစအဦးနေ့ဖြစ်သော နှစ်ဆန်းတစ်ရက်နေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ ကုသိုလ်ကောင်းမှုအထူးပြုလုပ်ရာ နေ့ထူးနေ့မြတ်ဖြစ်သည်။ မိမိတို့ နေထိုင်ရာဒေသများအလိုက် ဘုရားကျောင်းကန် ဇရပ် များတွင် ရှင်းလင်းခြင်း၊ ဘုရားစေတီများကို ရေသပ္ပာယ်ခြင်း၊ ထုံးသင်္ကန်းရွှေသင်္ကန်းများ ကပ်လှူခြင်း၊ ရောင်တော်ဖွင့်ခြင်း၊ ဥပုသ်သီလစောင့်တည်ခြင်း၊ သက်ကြီးဘိုးဘွားများကို ဦးခေါင်းဆေးလျှော်ခြင်း၊ ခြေသည်းလက်သည်း ညှပ်ပေးခြင်း နှင့် ပူဇော်ကန်တော့ခြင်း၊ ဇီဝိတဒါနအဖြစ် သားငှက်တိရစ္ဆာန် များကို ဘေးမဲ့လွှတ်ခြင်း၊ စတုဒိသာကျွေးမွေးပေးလှူခြင်း စသည့်ကုသိုလ်ကောင်းမှုတို့ကို နှစ်သစ်အစ နှစ်ဆန်းတစ်ရက် အခါသမယတွင် အထူးတလည်ပြုလုပ်ကြသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ ၏ မင်္ဂလာအခါတော်နေ့လည်းဖြစ်သည်။ ညောင်တုန်း ရွှေဟင်္သာတောရစံကျောင်း ဆရာတော်ကြီး၏ “သုံးပုံပိဋကတ်၊ အဆီမြတ်၊ မှတ်လော့မင်္ဂလာ” ဟူသော အဆိုအမိန့်နှင့် အညီ မြတ်စွာဘုရားဟောကြားခဲ့သော ပိဋကတ်သုံးပုံ တရားတော် တို့၏ အနှစ်ချုပ်သည် ၃၈ ဖြာသော မင်္ဂလာတရားတော်တို့ တွင် ပါဝင်လျက်ရှိသည်။ ရှေးခေတ်မြန်မာ့ပညာရေးစနစ်ဖြစ် သည့် ဘုန်းတော်ကြီးသင်ပညာရေးတွင် မင်္ဂလာတရားတော် (မင်္ဂလသုတ်) သင်ကြားမှုလည်း တစ်ခန်းတစ်ကဏ္ဍ ပါဝင် လျက်ရှိရာ ကလေးဘဝတွင် သင်ကြားခဲ့ကြရသည့် မင်္ဂလာ တရားတော်က ၎င်း၏ဘဝသက်တမ်းတစ်လျှောက်လုံးတွင် ဘဝလမ်းညွှန်အဖြစ် ထိန်းကျောင်းသွားနိုင်ပြီး မိသားစု အတွက်၊ ရပ်ရွာဒေသအတွက်၊ နိုင်ငံနှင့်လူမျိုးအတွက် လူတော်လူကောင်းများဖြစ်အောင် ပျိုးထောင်ပေးနိုင်သည်။
စင်စစ်မင်္ဂလာတရား (၃၈) ပါးသည် လူသားတို့ လိုက်နာ ကျင့်သုံးအပ်သော တရားများပင်ဖြစ်ပြီး မင်္ဂလာတရားများ နှင့်အညီ လိုက်နာကျင့်ကြံမည်ဆိုပါက ကိုယ်စိတ်နှစ်ဖြာ ဆင်းရဲကင်းကွာ၍ မင်္ဂလာရှိသောဘဝများကို ပိုင်ဆိုင်နိုင် ကြမည်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားသည် မင်္ဂလာတရား (၃၈)ပါးကို ဟောကြားရာတွင် သိကြားမင်းက မထင်မရှား နတ်သားတစ်ပါး၏အသွင်ကို ဆောင်လျက် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ အကာလညအခါတွင် တောင်းပန် လျှောက်ထားမှုကြောင့် လူ၊ နတ်၊ ဗြဟ္မာ တို့၏ အကျိုးငှာ ဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။ (၃၈) ပါးသော မင်္ဂလာ တရားတော်တို့ကို လိုက်နာကျင့်ကြံကြကုန်သော သူတို့သည် မည်သည့်နေရာဒေသ၌မဆို ရန်သူတို့ အနိုင်ယူခြင်းကို မခံရဘဲ အရာခပ်သိမ်း၌ ချမ်းသာကြရသည်။ “ဧတာ ဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။ သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံတေသံ မင်္ဂလ မုတ္တမံ”ဟူ၍ မင်္ဂလသုတ်တွင် အကျိုးကို ပြဆိုထားသည်။
နှစ်သစ်သို့ ကူးပြောင်းသည့်အခါ လာမည့်နှစ်သစ် တစ်လျှောက်လုံးတွင် ကောင်းခြင်းမင်္ဂလာတို့နှင့်သာ တွေ့ရ ကြုံရစေရန် မျှော်လင့်ချက်ထားကြသည်။ နှစ်ဟောင်း၏ ကောင်းမွေဆိုးမွေတို့ကို ခံယူ၍ နှစ်သစ်ကို ဖြတ်ကျော်ကြရာ တွင် သင်ခန်းစာယူဖွယ်ရှိသည်တို့ကိုယူ၍ ကောင်းသောအမှု တို့ကို တိုးစေရေးအတွက် အားထုတ်ကြိုးပမ်းကြရမည်ဖြစ် သည်။ ကြုံလာသမျှသော ကောင်းဆိုးနှစ်တန် လောကဓံတရား တို့ကိုလည်း မင်္ဂလာတရားတော်နှင့်အညီ တုန်လှုပ်ခြင်း ကင်းသော စိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ကြကာ စိုးရိမ် ကြောင့်ကြမှုမရှိ၊ ကိလေသာ မြူတို့ကင်းစင်လျက်၊ ဘေးရန်တို့ ကုန်ခန်းကာ ငြိမ်းချမ်းနိုင်ကြပါစေကြောင်း။ ။