
နေပြည်တော် စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် သရက်တော ကျေးရွာအနီးရှိ သရက်တော စစ်ဆေးရေးဂိတ်၌ မင်းတပ်မြို့ရှိ အကြမ်းဖက် CDF (Chinland Defense Force)အဖွဲ့များကို ထောက်ပံ့ပေးနေသော အေးငြိမ်းသူထံသို့ လက်နက်ခဲယမ်း၊ ငွေကြေး၊ ဆေးရုံသုံး ပစ္စည်းများနှင့် ဆေးဝါးများ ပို့ဆောင်ပေး နေသူ ကျော်ဌေးကို စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီတွင် ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သည်။
ဖမ်းဆီးရမိတရားခံ ကျော်ဌေး၏ ထွက်ဆိုချက် အရ ကွင်းဆက်တရားခံ ကျော်ကျော်ထွန်းကို ပခုက္ကူ မြို့ အမှတ်(၁၅)ရပ်ကွက် အမှတ်(၉)လမ်းရှိ ၎င်း၏ နေအိမ်၌ စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် Portable X-ray စက် တစ်လုံး၊ အခြားဆေးပစ္စည်းများ၊ အောက်ဆီဂျင်တိုင်းစက် တစ်လုံး၊ ပေါင်ချိန်စက် တစ်လုံး၊ MPT ဆင်းကတ် ၂၀ တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံ ကျော်ကျော်ထွန်း၏ ထွက်ဆိုချက်အရ ၎င်း၏နေအိမ်၌ မေ့ဆေးပေးစက် တစ်လုံးနှင့် Toyota Tiger (Double Cab) လိုင်စင်မဲ့ (ခဲရောင်)ယာဉ် တစ်စီးတို့အား စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ထပ်မံသိမ်းဆည်းရမိခဲ့သည်။
တရားခံများ၏ ထွက်ဆိုချက်အရ ကွင်းဆက် တရားခံ ဇော်နိုင်ဝင်းကို ပေါက်မြို့နယ် သရက် တောကျေးရွာအနီးရှိ သရက်တောစစ်ဆေးရေးဂိတ်၌ ယာဉ်အမှတ်၊ 1D/7221 SURF (လိုင်စင်မဲ့)အပြာ ရောင်ယာဉ်နှင့်အတူ စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဇော်နိုင်ဝင်း၏ ထွက်ဆို ချက်အရ ဆောမြို့နယ် နှောကျေးရွာရှိ ၎င်း၏ နေအိမ်၌ လက်နက်ခဲယမ်းများ သိမ်းဆည်းထား ကြောင်း သိရှိရသဖြင့် စက်တင်ဘာ ၁၇ ရက် ည ၁၀ နာရီခန့်တွင် သွားရောက်ရှာဖွေခဲ့ရာ နေအိမ်၌ Beretta(ဘာရက်တာ) ၉ မမ ပစ္စတို တစ်လက်၊ Retay X treme ၉ မမ ပစ္စတို တစ်လက်၊ ၉ မမကျည် ၁၃၅ တောင့်နှင့် ၅.၅၆ ကျည် ၄၇၂ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါဖြစ်စဉ်၏ အဓိကတရားခံဖြစ်သော အေးငြိမ်းသူသည် အကြမ်းဖက် NUG ၏ တရားခံပြေး ဇော်ဝေစိုးနှင့် Zoom Meeting ဖြင့် ချိတ်ဆက်ကာ အကြမ်းဖက် မင်းတပ် CDF များကို ကာကွယ်ကုသမှု ပေးရေးအတွက် လမ်းညွှန်ချက် များ ခံယူ လုပ်ဆောင်ခဲ့ကြောင်း၊ တရားခံပြေး ဇော်ဝေစိုး၏ လမ်းညွှန်ချက်နှင့် အထောက် အပံ့များကို ရယူကာ ချင်းပြည် နယ်၊ မင်းတပ်မြို့ရှိ အကြမ်းဖက် CDF အဖွဲ့များ၏ လက်နက်ကိုင် သောင်းကျန်းမှုများတွင် ဆေးဝါး ကုသပေးခြင်း၊ ယာယီဆေးခန်းနှင့် ယာယီခွဲစိတ်ခန်း (OT)ကို ဆောက်လုပ် ကုသပေးခြင်းဖြင့် အဆိုပါ အကြမ်းဖက်အဖွဲ့များ အား အထောက်အကူပြုပေးနေ ကြောင်း၊ ပြည်တွင်း/ပြည်ပ အလှူရှင်များထံမှ အလှူခံ၍ ရရှိလာသော ငွေများဖြင့် လက်နက်နှင့် ဆေးပစ္စည်းများ ဝယ်ယူကာ အကြမ်းဖက် CDF အဖွဲ့အား ပံ့ပိုးနေကြောင်း ဖော်ထုတ်သိရှိရသည်။
ထိုသို့ လက်နက်/ခဲယမ်းနှင့် ဆေးပစ္စည်းများ မင်းတပ်မြို့သို့ ပို့ဆောင်ပေးနိုင်ရန် အေးငြိမ်းသူ ၏ စေခိုင်းချက်အရ တရားခံ ကျော်ဌေးနှင့် ကျော်ကျော်ထွန်း တို့သည် ပခုက္ကူမြို့ တာဝန်ခံ အဖြစ် လည်းကောင်း၊ မပန်းဝေ သည် ပေါက်မြို့တာဝန်ခံအဖြစ် လည်းကောင်း၊ ဇော်နိုင်ဝင်းသည် ကျောက်ထု/ဆော တာဝန်ခံအဖြစ် လည်းကောင်း၊ ဘချစ်သည် မင်းတပ် တာဝန်ခံအဖြစ်လည်းကောင်း အသီးသီး တာဝန်ခွဲဝေ၍ ပို့ဆောင်ခဲ့ကြကြောင်း သိရှိရသည်။
သယ်ယူပို့ဆောင်ရာ၌ ရန်ကုန်နှင့် မန္တလေးရှိ တာဝန်ခံတစ်ဦးစီမှ ရွှေမန္တလာ၊ ကြယ်စင်မိုး၊ ဧရာဝတီယာဉ်လိုင်းများဖြင့် ပခုက္ကူသို့ ပို့ဆောင်ခဲ့ကြောင်း၊ ပခုက္ကူသို့ ရောက်ရှိပြီးပါက Double Cab (လိုင်စင်မဲ့)ယာဉ်ဖြင့် ပခုက္ကူ-ကမ္မ-ပေါက်-ကျောက်ထု- မင်းတပ် လမ်းကြောင်း အတိုင်း အဆင့်ဆင့် သယ်ယူပို့ဆောင်ခဲ့ ကြောင်း၊ ဇူလိုင်မှ စက်တင်ဘာအတွင်း လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ ဆေးပစ္စည်းများ သယ်ယူမှု (၅)ကြိမ် ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရား ဥပဒေစိုးမိုးရေးကို ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင် ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန် လုပ်ဆောင်နေသည့် ချင်း ပြည်နယ် မင်းတပ်မြို့ရှိ CDF အဖွဲ့ထံသို့ လက်နက်ခဲယမ်း၊ ငွေကြေး၊ ဆေးနှင့် ရိက္ခာပစ္စည်းများ ထောက်ပံ့ပို့ဆောင်နေ သော ကျော်ဌေးအပါအဝင် သုံးဦးတို့ကို ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ် ကြောင်းနှင့် ဆက်စပ် တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများရရှိပါက သက်ဆိုင် ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြား နိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး တည်ငြိမ် အေးချမ်းရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အသိ ပေးထားကြောင်း သိရသည်။
သတင်းစဉ်