မှန်ကန်သည့် အမျိုးသားရေးဝါဒဖြင့် နိုင်ငံရေးစွမ်းအားမြင့်မားအောင်မြှင့်တင်

 

နိုင်ငံဟုဆိုသည်နှင့်   (၁)  နယ်နိမိတ်   (နိုင်ငံ၏   အချုပ်အခြာ ပိုင်နက်နယ်မြေ)၊ (၂) နိုင်ငံသားပြည်သူလူထု၊ (၃) အစိုးရနှင့် (၄) အချုပ်အခြာအာဏာပိုင်မှုဟူသော အင်္ဂါလေးရပ်နှင့် ပြည့်စုံရမည် ဟု အပြည်ပြည်ဆိုင်ရာ ဥပဒေပညာတွင် ဖော်ပြသည်။ ၎င်းအင်္ဂါ ရပ် လေးမျိုးအနက် တစ်မျိုးမျိုး ချို့ယွင်းသည်နှင့် နိုင်ငံမမည်တော့။ မျက်မှောက်ကမ္ဘာ့သမိုင်းတွင် မဝေးလှသေးသည့် ဆယ်စုနှစ်များမှ သည်   ယနေ့အထိ  ကမ္ဘာ့မြေပုံပေါ်မှ   ပျောက်ကွယ်သွားသည့် နိုင်ငံများ၊ ပိုင်နက်နယ်နိမိတ်ပြောင်းလဲသွားသည့် နိုင်ငံများကို မိမိတို့ တွေ့မြင်ကြရသည်။ နိုင်ငံများ၏ နယ်နိမိတ်များ တည်မြဲဖို့ (ဝါ) အင်္ဂါလေးရပ် မချို့ယွင်းဘဲ ဥပဓိရုပ်နှင့် ပြည့်စုံသော နိုင်ငံဖြစ် ရန်မှာ နိုင်ငံအတွင်း စည်းလုံးညီညွတ်နေရန်လိုသည်။ ယင်းသို့ စည်းလုံးညီညွတ်ရန်အတွက်    နိုင်ငံတွင်     အမျိုးသားရေးဝါဒ အားကောင်းရန်လိုအပ်သည်။

 


အမျိုးသားရေးဝါဒသည်   ဥရောပတွင်   ၁၇   ရာစုအတွင်း နယ်နိမိတ်အတိအကျ သတ်မှတ်ထားသည့် နိုင်ငံများတွင် စတင် ပေါ်ပေါက်ခဲ့သည်ဟု  အဆိုရှိပြီး  မျက်မှောက်ကမ္ဘာတွင်လည်း နိုင်ငံရေး    သိပ္ပံသုတေသီတို့   အထူးပြုလေ့လာနေကြသည့် အကြောင်းအရာဖြစ်နေသည်။ စင်စစ်အားဖြင့် အမျိုးသားရေးဝါဒ သည် နိုင်ငံတည်ငြိမ်ရေး၊ စည်းလုံးညီညွတ်ခိုင်မာရေးအတွက် အရေးကြီးသည့် အင်အားတစ်ရပ်ဖြစ်ပေါ်လာစေရန် ဖန်တီးပေးရာ ၌  လွန်စွာအစွမ်းထက်သည်။  သို့ရာတွင်  တစ်ဖက်တွင်လည်း အမျိုးသားရေးဝါဒသည်     လူမျိုးကြီးဝါဒ    (Racism)  နှင့် အမြင်ကျဉ်းမြောင်းသည့် အစွန်းရောက်အမျိုးသားရေး ဝါဒတို့နှင့် အလွှာပါးပါးကလေးသာ နယ်နိမိတ်ခြားလျက်ရှိသည်။ အစွန်းရောက်အမျိုးသားရေးဝါဒီတို့မှာ မိမိတို့၏ အမှတ်သရုပ် လက္ခဏာ (Identity)အပေါ်တွင်   ပြင်းထန်သလောက်   အခြားသူတို့၏ အမှတ်သရုပ်လက္ခဏာတို့အပေါ်တွင်မူ အလေးထားမှု မရှိကြ။ ယင်းအလေ့အထတို့က လူမျိုးကြီးဝါဒနှင့်  တစ်ယူသန်ဝါဒတို့ကို ပေါ်ပေါက်စေသလို  ပဋိပက္ခများဆီသို့လည်း   ဦးတည်သွားစေ သည်။     ကမ္ဘာ့သမိုင်းတွင်    နယ်ချဲ့လက်အောက်မှ လွတ်မြောက် ရေးအတွက် ကြိုးပမ်းကြရာတွင် အမျိုးသားရေးဝါဒကို ဆွဲကိုင်၍ ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည့်အလျောက်  အမျိုးသားရေးဝါဒနှင့် အမျိုးသားလွတ်မြောက်ရေးတို့က  ဆက်စပ်နေသည်။  ယင်းကို အသုံးချကာ အချို့သော နိုင်ငံရေးခေါင်းဆောင်များက အမျိုးသား ရေးကို ၎င်းတို့၏အာဏာအတွက် တလွဲအသုံးချကြသည်များကို လည်း တွေ့ရှိရသည်။

 

အမျိုးသားရေးတွင်    အမှတ်သရုပ်လက္ခဏာဟုဆိုသည့် Identity ကလည်း အင်္ဂါတစ်ရပ်အဖြစ် ပါဝင်လျက်ရှိရာ ယင်းမှာ သတ္တဝါတို့၏  ဗီဇစိတ်ဓာတ်ဟုလည်းဆိုသည်။  လူနှင့် မျိုးဗီဇ များစွာတူညီသည့် ချင်ပန်ဇီမျောက်ဝံများတွင်ပင် အုပ်စုခွဲ၊ ဘက်ခွဲ သည့် သဘာဝနှင့် ဘက်မတူသူတို့ကို တိုက်ခိုက်သည့် သဘာဝ ရှိကြသည့်အလျောက် လူသားတို့တွင်လည်း ကိုယ်နှင့်မတူသူကို ရန်လိုသည့် သဘာဝရှိတတ်ကြသည်။ သို့ရာတွင် ယဉ်ကျေးမှု ကြောင့်သာလျှင် မျိုးဗီဇ၏ သဘာဝကို ဖုံးကွယ်ထားကြခြင်းဖြစ် ကြောင်းကို   သိပ္ပံနည်းကျ  စမ်းသပ်တွေ့ရှိထားသည့်   အချက် အလက်များက ဖော်ပြနေသည်ဟု ဆိုသည်။

 


ပစ္စုပ္ပန်ကမ္ဘာကြီးတွင် အယူဝါဒရေးရာအနေဖြင့် မည်သို့ပင် ဆိုနေကြစေကာမူ ကမ္ဘာ့နိုင်ငံတိုင်းက ကိုယ့်နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားရေးကို နံပါတ်(၁) အနေဖြင့် ဦးတည်ဆောင်ရွက်ကြ သည်။ တစ်နည်းအားဖြင့် အမျိုးသားရေးဝါဒကို မည်သည့်အယူ အဆ  ဝါဒရေးရာကမျှ   မကျော်နိုင်။   မျက်ကန်းမျိုးချစ်ဝါဒ၊ အစွန်းရောက်အမျိုးသားရေးဝါဒ၊  လူမျိုးကြီးဝါဒတို့  အစရှိသည့် အစွန်းတရားများဆီသို့ ချဉ်းကပ်မသွားစေရေးအတွက် သတိမူ ကာ   မှန်ကန်သည့်  အမျိုးသားရေးဝါဒကို  မိမိတို့နိုင်ငံအတွင်း ပျံ့နှံ့ထွန်းကားအောင် မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံရေးစွမ်းအား မြင့်မားနိုင်ပါစေကြောင်း။       ။