
ရန်ကုန် စက်တင်ဘာ ၁
၂၀၂၂ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၅) ဒုတိယနေ့အဖြစ် ယောမြေအသင်း နှင့် တက္ကသိုလ်အသင်းတို့ စက်တင်ဘာ ၁ ရက်က သုဝဏ္ဏ လေ့ကျင့်ရေးကွင်း-၁ ၌ ယှဉ်ပြိုင် ကစားရာ တက္ကသိုလ်အသင်းက သုံးဂိုးပြတ် အနိုင်ရခဲ့သည်။
တက္ကသိုလ် အသင်းသည် ယောမြေအသင်းကို အနိုင်ယူကာ နိုင်ပွဲဆက်ခဲ့ပြီး ဇယားထိပ်သို့ တက်လှမ်းနိုင်ခဲ့သည်။ တက္ကသိုလ် အသင်းသည် ယနေ့ပွဲအနိုင်ရခဲ့ သဖြင့် ယခင်ဦးဆောင်နေသည့် ဒဂုံစတားယူနိုက်တက် အသင်းကို ပွဲတူ တစ်မှတ်အသာရကာ ဇယား ထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဒဂုံစတား ယူနိုက်တက် အသင်းသည် စက်တင်ဘာ ၂ ရက်တွင် Young Boys အသင်းနှင့် ကစားရမည် ဖြစ်ပြီး အနိုင်ရပါက တက္ကသိုလ် အသင်းထက် တစ်ပွဲပိုကစားကာ ထိပ်ဆုံးနေရာကို ပြန်လည်ရယူ နိုင်မည်ဖြစ်သည်။
ယောမြေအသင်းသည် ရလဒ် ဆိုးရွားနေမှုကို အဆုံးသတ်နိုင် ခြင်းမရှိသေးဘဲ လေးပွဲဆက်အရှုံး နှင့် ရင်ဆိုင်ခဲ့ရသည်။ တက္ကသိုလ် အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပွဲအစ မှာပင် အဖွင့်ဂိုးရရှိခဲ့ခြင်းကြောင့် ပွဲကို ဦးဆောင်နိုင်ခဲ့ခြင်းဖြစ် သည်။
တက္ကသိုလ် အသင်းအတွက် အနိုင်ဂိုးများကို ၂ မိနစ်မှာပင် မြင့်နိုင်သူ၊ ၁၇ မိနစ်တွင် ကောင်းသက်နိုင်၊ ၉၀ + ၁ မိနစ် တွင် သိန်းထက်အောင်က သွင်းယူ ခဲ့သည်။
ယခုပွဲအပြီးတွင် တက္ကသိုလ် အသင်းက လေးပွဲကစား ရမှတ် ကိုးမှတ်ရရှိထားပြီး ယောမြေ အသင်းမှာမူ လေးပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ ပွဲစဉ် (၅) နောက်ဆုံးနေ့အဖြစ် စက်တင်ဘာ ၂ ရက် (ယနေ့) တွင် Young Boys အသင်းနှင့် ဒဂုံစတားယူနိုက်တက် အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ် သည်။
ရဲရင့်လွင်