
ရန်ကုန် စက်တင်ဘာ ၁၃
အပတ်စဉ်ကျင်းပလျက်ရှိသည့် ၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲနှင့် MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲများ ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။
MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၁) တွင် သုံးပွဲကျင်းပထားပြီးဖြစ် သောကြောင့် လက်ကျန်နှစ်ပွဲကို စက်တင်ဘာ ၁၄၊ ၁၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။ စက်တင်ဘာ ၁၄ ရက် (ယနေ့) တွင် ဧရာဝတီအသင်းနှင့် ရတနာပုံအသင်း၊ စက်တင်ဘာ ၁၅ ရက်တွင်မြဝတီ အသင်းနှင့် မဟာယူနိုက်တက်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ဧရာဝတီနှင့် ရတနာပုံအသင်းသည် ရမှတ် ၁၇ မှတ်စီဖြင့် အဆင့် ၄/၅ နေရာတွင် ရပ်တည်နေကြသည့်အသင်းများဖြစ်ပြီး အနိုင်ရသည့်
အသင်းမှာ ဒုတိယနေရာမှ ရန်ကုန် အသင်းနှင့် အမှတ်ကွာဟမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ မြဝတီ နှင့် မဟာယူနိုက်တက်အသင်း တွေ့ဆုံမှုမှာလည်း စိတ်ဝင်စားစရာ ကောင်းနေပြီး မြဝတီအသင်းက တတိယနေရာတွင် ဆက်လက် ရပ်တည်နိုင်ရေး၊ မဟာယူနိုက် တက်အသင်းက တန်းဆင်းဇုန် အန္တရာယ်မှ လွတ်မြောက်နိုင်ရေး အတွက် ကြိုးပမ်းရမည်ဖြစ်သည်။
MNL-2 (ပထမတန်း) ပြိုင်ပွဲ ပွဲစဉ် (၇) ဒုတိယပွဲအဖြစ် စက်တင် ဘာ ၁၄ ရက် (ယနေ့) တွင် ဒဂုံ စတား ယူနိုက်တက်အသင်းနှင့် ယောမြေအသင်း ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။ စက်တင်ဘာ ၁၂ ရက်က ကစားသည့်ပွဲတွင် ထိပ်ဆုံး မှ တက္ကသိုလ်အသင်း သရေကျခဲ့ သဖြင့် ဒဂုံစတားယူနိုက်တက် အသင်းအနေဖြင့် ယခုပွဲအနိုင်ရ ပါက ထိပ်ဆုံးနေရာ ပြန်လည်ရယူ နိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်နေသည့် Junior Lions (ခ) မြန်မာ ယူ-၁၉ လက်ရွေးစင် အသင်းမှာ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ ယှဉ်ပြိုင်နေသဖြင့် ပွဲစဉ် အချို့ ရွှေ့ဆိုင်းထားရသည်။
ရဲရင့်လွင်