MNL ပွဲစဉ် (၇) ယနေ့စတင်မည်ဖြစ်ပြီး လက်ရှိချန်ပီယံ ရှမ်းနှင့် ရန်ကုန် တွေ့ဆုံ

 

ရန်ကုန်  ဩဂုတ်  ၅


၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ  ပွဲစဉ် (၇) ကို သြဂုတ် ၆ ရက်မှ ၁၁ ရက်အထိ ကျင်းပမည် ဖြစ်ပြီး    ဇယားထိပ်ဆုံးမှ  လက်ရှိချန်ပီယံ  ရှမ်းယူနိုက်တက်အသင်းနှင့်   တတိယနေရာမှ ရန်ကုန်ယူနိုက်တက်အသင်းတို့   ထိပ်တိုက် တွေ့ဆုံလျက်ရှိသည်။

 


ပွဲစဉ် (၇) အဖြစ် သြဂုတ် ၆ ရက်တွင် ရှမ်း ယူနိုက်တက်နှင့် ရန်ကုန်၊ သြဂုတ် ၇ ရက်တွင် ရတနာပုံနှင့် ဧရာဝတီ၊  သြဂုတ် ၈ ရက်တွင် မဟာယူနိုက်တက်နှင့် မြဝတီ၊ သြဂုတ် ၁၀ရက် တွင် ရခိုင်ယူနိုက်တက်နှင့် ဟံသာဝတီ၊ သြဂုတ် ၁၁ ရက်တွင် အား/ကာသိပ္ပံနှင့် GFA အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် (၆) အပြီး တွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း က ရမှတ် ၁၈ မှတ်ဖြင့် ထိပ်ဆုံးတွင် ဦးဆောင် နေပြီး ဧရာဝတီနှင့် ရန်ကုန်အသင်းက ရမှတ် ၁၃ မှတ်စီ၊ မြဝတီအသင်းက ၁၂ မှတ်၊ အား/ကာသိပ္ပံအသင်းက   ရှစ်မှတ်၊    ဟံသာဝတီ နှင့်  ရတနာပုံအသင်းက ခုနစ်မှတ်စီ၊ မဟာ ယူနိုက်တက်အသင်းက ခြောက်မှတ်၊ GFA အသင်းက သုံးမှတ်ရရှိထား၍ ရခိုင်အသင်းမှာ မူ  ခြောက်ပွဲစလုံးရှုံးကာ  အမှတ်မရသေးပေ။ ယခုတစ်ပတ်၏  စိတ်ဝင်စားစရာအကောင်းဆုံးပွဲအဖြစ်  ရှမ်းယူနိုက်တက်နှင့်   ရန်ကုန် အသင်းတို့ပွဲစဉ်  ဖြစ်လာနိုင်ပြီး အသင်းကြီး နှစ်သင်း တွေ့ဆုံမှုထက် ရည်မှန်းချက်ကိုယ်စီဖြင့် ကစားမည့်ပွဲဖြစ်သောကြောင့် စိတ်ဝင်စားစရာ ကောင်းနေခြင်းဖြစ်သည်။ လက်ရှိချန်ပီယံ ရှမ်း ယူနိုက်တက်အသင်းက ရာနှုန်းပြည့်နိုင်ပွဲဖြင့် ဇယားထိပ်ဆုံးတွင် ဆက်လက်ရပ်တည်နိုင်ရန်၊ ရန်ကုန်အသင်းက     ရှမ်းယူနိုက်တက်နှင့် အမှတ်ကွာဟမှုကို ‌လျှော့ချပြီး ချန်ပီယံအိပ်မက် ကို အသက်သွင်းရန် ကြိုးစားမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်း ထိပ်တိုက် တွေ့ဆုံမှုကို အသုံးချရမည့်အသင်းမှာ ဒုတိယ နေရာက ဧရာဝတီအသင်းဖြစ်သည်။

 

ဧရာဝတီ အသင်းအနေဖြင့်ဒုတိယနေရာတွင် ဆက်လက် ရပ်တည်နိုင်ရန်နှင့် ရှမ်းယူနိုက်တက်ကို ဖိအား ပေးနိုင်ရန်  ရတနာပုံကို  မဖြစ်မနေအနိုင်ရရန် ကြိုးပမ်းရမည်ဖြစ်သည်။

 


ယခုရာသီတွင် ခြေစွမ်းပြနေသည့် မြဝတီ အသင်းသည် ထိပ်ဆုံးသုံးသင်း အမှတ်လျော့ ပါက   အသုံးချနိုင်ရန်  ယခုပွဲတွင်  အနိုင်ရရန် လိုအပ်သလို    အမှတ်လိုနေသည့်   ရခိုင်နှင့် ဟံသာဝတီ၊ အား/ကာသိပ္ပံနှင့် GFA အသင်းတို့ ၏ တွေ့ဆုံမှုများကိုလည်း  စောင့်ကြည့်ရမည် ဖြစ်သည်။    ခြောက်ပွဲစလုံးရှုံးထားသည့်  ရခိုင် အသင်းအနေဖြင့်    ပထမဆုံးနိုင်ပွဲအတွက် ရုန်းကန်မည်ဖြစ်သော်လည်း        ပြိုင်ဖက် ဟံသာဝတီအသင်းမှာလည်း    အမှတ်လိုနေ သဖြင့် အခက်တွေ့ဖွယ်ရှိနေသည်။ ဧရာဝတီ နှင့် ရန်ကုန်တို့ကို နှစ်ပွဲဆက် သရေကစားထား သည့် အား/ကာသိပ္ပံအသင်းအနေဖြင့် ဇယား ထိပ်ပိုင်းသို့  တက်လှမ်းလိုပါက  ယခုလိုပွဲမျိုး တွင် အမှတ်ပြည့်ရယူရမည်ဖြစ်သည်။


ရဲရင့်လွင်