
ဘားအံ ဇွန် ၂၈
မြန်မာ - ထိုင်း နယ်စပ်တစ်လျှောက်တွင် မြန်မာ ရွှေ့ပြောင်းအခြေခံပညာကျောင်းပေါင်း ၂၉ ကျောင်း ဖွင့်လှစ်ထားရှိပြီး KG တန်းမှ Grade - 12 အထိ ကျောင်းသား ကျောင်းသူ ၅၅၃၄ ဦး ပညာသင်ကြား လျက်ရှိရာ ဇွန် ၂၇ ရက် မွန်းလွဲ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြည်နယ်အစိုးရအဖွဲ့မှ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် များနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ် သည်။
ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သားငယ်၊ သမီးငယ်များ ပညာသင်ကြားနိုင်ရေး ကူညီဆောင်ရွက်ပေးသည့်အတွက် ပြည်နယ်အစိုးရ အဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်စဉ် ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံ သားများသာဖြစ်သည့်အတွက် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေနိုင်ရေး၊ ရေးတတ် ဖတ်တတ်ရုံမျှနှင့်မပြီးဘဲ ပညာတတ်များဖြစ်အောင် လေ့ကျင့်သင်ကြား မွေးထုတ်ပေးစေလိုကြောင်း၊ နှစ်စဉ်တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြ စေလိုပြီး အခက်အခဲမရှိစေရန် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များ၊ နေထိုင်စားသောက် စရိတ်မှအစ မိမိတို့အစိုးရအဖွဲ့က တာဝန်ယူပေးသွား မည်ဖြစ်ပြီး အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ ရွှေ့ပြောင်းလုပ်သားများ ပညာရေးကော်မတီ (BMWEC) လက်အောက်ရှိ စာသင်ကျောင်းများ အတွက် ကျောင်းသုံးပုံနှိပ်စာအုပ် ၅၅၄၃ စုံ၊ ဗလာ စာအုပ် ၄၄၅၇ ဒါဇင်၊ ခဲတံ ဒါဇင် ၁၆၃၀၊ ဘောပင် ၂၂၂ ဒါဇင်ကို မြန်မာရွှေ့ပြောင်းလုပ်သားများပညာရေးကော်မတီ (BMWEC)ဥက္ကဋ္ဌ နော်ဆာစေဖိုးထံ ထောက်ပံ့ပေးအပ်ရာ BMWEC ဥက္ကဋ္ဌက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဇွန် ၂၇ ရက် မွန်းလွဲပိုင်းက ဘားအံမြို့ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးသိပ္ပံ(ဘားအံ)ရှိ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီး ချုပ်သည် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း နေရပ်မပြန်နိုင်သည့် ကျောင်းသား ကျောင်းသူ ၃၀ အတွက် ငွေကျပ်သိန်း ၃၀ ကို ထောက်ပံ့ကူညီ ပေးပြီး ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမ များနှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၏ နေ့လယ်စာသုံး ဆောင်နေမှုကို လှည့်လည်ကြည့်ရှု၍ အားပေးစကား များ ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)