
ရန်ကုန် မေ ၁၆
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များ၌ မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ပါဝင် ယှဉ်ပြိုင်ရန် မြန်မာအားကစား အဖွဲ့ ပဉ္စမအသုတ်သည် ယနေ့ နံနက် ၁၀ နာရီတွင် မြန်မာ့ လေကြောင်း စင်းလုံးငှားလေယာဉ် ဖြင့် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ ကြရာ အားကစားနှင့် ကာယပညာ သိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးတို့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
မြန်မာအားကစားအဖွဲ့ ပဉ္စမ အသုတ်တွင် ဂျူဒိုအားကစားနည်း မှ အမျိုးသား ကိုးဦး၊ အမျိုးသမီး လေးဦး၊ ဗိုဗီနမ်အားကစားနည်း မှ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ရှစ်ဦး၊ အလေးမ အားကစား နည်းမှ အမျိုးသား လေးဦး၊ အမျိုး သမီး လေးဦး တို့ပါဝင်ကြောင်း သိရသည်။ သတင်းစဉ်