မြန်မာအားကစားအဖွဲ့ယှဉ်ပြိုင်မည့် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင်  အားကစားနည်း ၁၄ မျိုး ထည့်သွင်းကျင်းပရန် စီစဉ်

 

ရန်ကုန် ဖေဖော်ဝါရီ ၂၂
အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပမည့်  (၁၁) ကြိမ်မြောက် အာဆီယံ   မသန်စွမ်းအားကစားပြိုင်ပွဲတွင် အားကစားနည်း ၁၄ မျိုး ထည့်သွင်းကျင်းပရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။
အင်ဒိုနီးရှားအိုလံပစ်ကော်မတီသည် ၂၀၂၁ ခုနှစ် က ဗီယက်နမ်နိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရ ထားသည့် (၁၁) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ ဖျက်သိမ်းခဲ့သဖြင့် ယခုနှစ်တွင် အစားထိုးလက်ခံကျင်းပခြင်းဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းကပြုလုပ်သည့်  အာဆီယံမသန်စွမ်း အားကစားအဖွဲ့ချုပ် အစည်းအဝေးတွင် (၁၁) ကြိမ် မြောက်                  
အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကျင်းပမည့်ရက် အတည်ပြုခဲ့ပြီး ဇူလိုင် ၂၃ ရက်မှ ၃၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။ အင်ဒိုနီးရှား နိုင်ငံအနေဖြင့်  ဗီယက်နမ်နိုင်ငံက  အိမ်ရှင်အဖြစ်  လက်ခံကျင်းပရန် စီစဉ်ခဲ့သည့် (၁၁) ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် 
ထည့်သွင်းကျင်းပရန်   စီစဉ်ထားသည့်   အားကစားနည်း ၁၁ မျိုးကို အခြေခံကာ အားကစားနည်းသစ် သုံးမျိုးထပ်တိုးကာ စုစုပေါင်း ၁၄မျိုး ထည့်သွင်းကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် လာမည့်    အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင်   ရေကူး၊  ဝှီးချဲ ဘတ်စကက်ဘော၊   CP Football၊    စစ်တုရင်၊   မြားပစ်၊   ပြေးခုန်ပစ်၊ ကြက်တောင်၊  Boccia၊  Goalbal၊ ဂျူဒို၊ အလေးမ၊ စားပွဲတင်တင်းနစ်၊ ဝှီးချဲတင်းနစ်နှင့် ထိုင်လျက်ဘော်လီဘောပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်သည်။ မြန်မာ  မသန်စွမ်းအားကစားအဖွဲ့သည်   ယင်းပြိုင်ပွဲတွင်   ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး   စခန်းဝင်လေ့ကျင့်မှုများ  ပြုလုပ်လျက်ရှိသည်။ မြန်မာ မသန်စွမ်းအားကစားအဖွဲ့သည်  အာဆီယံ မသန်စွမ်းအားကစား ပြိုင်ပွဲပြီးပါက  တရုတ်နိုင်ငံ၌ကျင်းပမည့်  အာရှမသန်စွမ်းအားကစား ပြိုင်ပွဲတွင်      ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။     မြန်မာမသန်စွမ်း အားကစားအဖွဲ့သည် ယင်းပြိုင်ပွဲနှစ်ခုစလုံးအတွက် တစ်ပေါင်းတည်း ပြင်ဆင်နေခြင်းဖြစ်သည်။
အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို ဆီးဂိမ်းပြိုင်ပွဲအပြီးတွင် ဆက်လက်ကျင်းပသည့်ပြိုင်ပွဲဖြစ်ပြီး ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျင်းပနိုင်ခြင်းမရှိသဖြင့် အင်ဒိုနီးရှားနိုင်ငံ က နောက်ဆုံးဖျက်သိမ်းခဲ့သည့်  (၁၁) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို ယခုနှစ် ဇူလိုင်လတွင် အစားထိုးလက်ခံကျင်းပ ခြင်းဖြစ်သည်။                                     ရဲရင့်လွင်