မြန်မာ့အရေးနှင့် ကုလသမဂ္ဂစင်မြင့်

 

မြန်မာနိုင်ငံနှင့်  စပ်လျဉ်း၍  နိုင်ငံတကာတွင်   ပျံ့နှံ့နေသော သတင်းများက  ပြည်တွင်း၌  ပကတိဖြစ်ပေါ်နေသော  အခြေအနေ မှန်များနှင့်  ကွဲလွဲနေကြသည်။  တစ်ခါတစ်ရံတွင်  လုံးဝမှားယွင်း နေတတ်ပြီး   အချို့မှာ  ရည်ရွယ်ချက်ရှိရှိ   ထုတ်ပြန်လိုက်သည့်   သတင်းအမှားများဖြစ်သည်။   နိုင်ငံတကာတွင်  ထင်ရှားသည့် သတင်းဌာနများ၊   အရှိန်အဝါကြီးသည့်   သတင်းဌာနများက  ရယူသည့်      မြန်မာပြည်တွင်းမှ     သတင်းအရင်းအမြစ်များမှာ အကြမ်းဖက်အုပ်စုများနှင့်  ယင်းတို့၏အဆက်အနွှယ်များထံမှ တစ်ဖက်တည်းရယူနေခြင်းသာဖြစ်ပြီး     အထောက်အထား သက်သေသာဓကများ၊ စာရင်းဇယားအချက်အလက်များ ခိုင်ခိုင် မာမာဖြင့် ပုံမှန်ထုတ်ပြန်ပေးလျက်ရှိသည့် သတင်းထုတ်ပြန်ရေး အဖွဲ့၏ သတင်းများကို ရယူပြီး အမှန်နှင့်နီးစပ်အောင် ချိန်ထိုး စဉ်းစားခြင်း၊   မျှတစွာရေးသားခြင်း   အလျှင်းမရှိသည်ကိုလည်း တွေ့ရှိနိုင်သည်။

 


ထို့အပြင် ကုလသမဂ္ဂတွင် ရှေးမဆွကပင် အစဉ်အလာအားဖြင့် ရှိခဲ့သည့်   အုပ်စုဖွဲ့အားပြိုင်မှုများနှင့်   အမှန်တရားထက်  အကျိုး စီးပွားကိုသာ  ရှေ့တန်းတင်မှုများအရ  မြန်မာနိုင်ငံကဲ့သို့သော   အဘက်ဘက်မှအားနည်းသည့်    နိုင်ငံမျိုးမှာ   အုပ်စုများ၏ဖိအားမှ လွဲ၍  အခြားမည်သည့်အရာကိုမျှ မျှော်လင့်၍မရသည်ကို လွန်ခဲ့ သည့်ဆယ်စုနှစ်များအတွင်း  မိမိတို့နိုင်ငံ၏  အတွေ့အကြုံများ၌  တွေ့ရှိနိုင်သည်။ အနီးဆုံးအားဖြင့် ကမ္ဘာလုံးဆိုင်ရာ  ကပ်ရောဂါ ဖြစ်သည့် ကိုဗစ်-၁၉ ရောဂါလှိုင်းများ ပြင်းထန်စွာ ရိုက်ခတ်မှုခံစား နေရချိန်တွင်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က   မြန်မာနိုင်ငံကို  မည်သည့်အကူအညီမျှ မပေးခဲ့သည်ကို တွေ့ရှိနိုင်သည်။  ထိုစဉ်က မြန်မာနိုင်ငံရရှိခဲ့သည်မှာ နိုင်ငံရေးအရ   ဖိအားများသာဖြစ်ပြီး    မြန်မာပြည်သူတို့၏   အသက်ရှင်သန်ရေးကို    လုံးဝလျစ်လျူရှုခံခဲ့ ရခြင်းပင်ဖြစ်သည်။  ကိုဗစ်-၁၉  ကာကွယ်ဆေးသည်  နိုင်ငံသူ နိုင်ငံသားပြည်သူများနှင့်သာ     တိုက်ရိုက်သက်ဆိုင်ခြင်းဖြစ်ရာ   ကုလသမဂ္ဂ၏  မည်သည့်မူဝါဒအရ  မြန်မာပြည်သူများအတွက် ကာကွယ်ဆေးမပေးအပ်နိုင်ခြင်းဖြစ်သည်ကို    လည်းကောင်း၊ မြန်မာနိုင်ငံတွင်   မည်သည့်အစိုးရအာဏာရခြင်း၊  မရခြင်းက မြန်မာနိုင်ငံမှ  ပြည်သူများ ကပ်ရောဂါမှ တားဆီးကာကွယ်ရေး ထက်ပို၍  အရေးပါခြင်း၊  မပါခြင်းကိုလည်းကောင်း  မေးခွန်း ထုတ်ရန် လိုအပ်မည်ဖြစ်သည်။

 


“ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ အရေးတကြီးလိုအပ်ချက်မှာ  စီးပွားရေးတိုးတက်ရေးနှင့်  လူနေမှုအဆင့်မြင့်မားရေးဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ကြီးက ယင်းသို့အခြေအနေဖြစ်ပေါ်လာအောင် အဓိကဆောင်ရွက်လျက်ရှိရာ    ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ စီးပွားရေး၊ လူမှုရေး  တိုးတက်ကြီးပွားရေးတာဝန်သည် အတွင်း ရေးမှူးချုပ်၏  အဓိကတာဝန်တစ်ရပ်ဖြစ်သည်ဟု ကျွန်တော်ခံယူ ပါသည်။” ဟူ၍  မြန်မာနိုင်ငံသား ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဟောင်း ဦးသန့်က ၎င်း၏ View From the UN စာအုပ်တွင် ရေးသားခဲ့သည်။   ကမ္ဘာ့ရေးရာများတွင်  ကုလသမဂ္ဂစင်မြင့် နောက်ကွယ်မှ လှုပ်ရှားမှုများက  စင်မြင့်ပေါ်သို့  ရိုက်ခတ်စမြဲပင် ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွက်  အရေးတကြီးလိုအပ် ချက် ဖြစ်သော စီးပွားရေး၊ လူမှုရေးတိုးတက် မြင့်မားရေးတို့အတွက် ကုလသမဂ္ဂ၏   အပေါင်းလက္ခဏာ   ဆောင်ရွက်ချက်များနှင့် အလှမ်းဝေးနေဦးမည်ဟုသာ ရှုမြင်ပါကြောင်း။      ။