
ရန်ကုန် မေ ၁၃
(၃၁) ကြိမ်မြောက် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) စတုတ္ထနေ့ကို မေ ၁၃ ရက်က ဗီယက်နမ်နိုင်ငံ၌ ဆက်လက် ကျင်းပရာ မြန်မာအသင်းသည် အိမ်ရှင် ဗီယက်နမ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
အနိုင်ကစားရမည်
လက်ရှိ ချန်ပီယံအသင်း ဖြစ်သလို အိမ်ရှင်အသင်းလည်း ဖြစ်သည့် ဗီယက်နမ်အသင်း သည် မြန်မာကို အနိုင်ရခဲ့သဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ရန် အခြေအနေကောင်းသွားခဲ့သည်။ မြန်မာအသင်းသည် ယခုပွဲအရေး နိမ့်ခဲ့သဖြင့် ဆီမီးဖိုင်နယ်တက် ရောက်ရန် အုပ်စုနောက်ဆုံးပွဲ အဖြစ် အင်ဒိုနီးရှားနှင့် ယှဉ်ပြိုင် ရမည်ဖြစ်ကာ အနိုင်ကစားရ တော့မည်ဖြစ်သည်။
မြန်မာအသင်းသည် တီမော၊ ဖိလစ်ပိုင်တို့နှင့် ကစားခဲ့သည့် ပွဲထွက်လူစာရင်းကို အနည်းငယ် သာ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ပြည့်ဖြိုးသူ၊ ဟိန်းဇေယျာလင်း၊ သက်ဟိန်းစိုး၊ အောင်ဝဏ္ဏစိုး၊ ရန်ကျော်စိုး၊ လွင်မိုးအောင်၊ မြတ်ကောင်းခန့်၊ ရဲလင်းထက်၊ ဇော်ဝင်းသိန်း၊ ဝင်းနိုင်ထွန်းတို့ဖြင့် ပွဲထွက်ခဲ့သည်။ အိမ်ရှင်ဗီယက်နမ် အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး မြန်မာ အသင်းသည် ခံစစ်အမှားမရှိစေရန် အဓိကထားကစားကာ တန်ပြန် တိုက်စစ်ဖြင့်သာ ကစားခဲ့သည်။ ပထမပိုင်းတွင် ဗီယက်နမ်အသင်း က ပိုဖိကစားနိုင်သော်လည်း မြန်မာအသင်းက ခံစစ်တွင် အဆင့်ဆင့်ပိတ်ဆို့ကစားခဲ့သဖြင့် ဗီယက်နမ်အသင်း ထိရောက်သည့် ဂိုးသွင်းခွင့်မရခဲ့ပေ။ ဒုတိယပိုင်း တွင် မြန်မာအသင်းက မောင်မောင် လွင်နှင့် ဟိန်းထက်အောင်ကို ထည့်ကာ တိုက်စစ်အားမြှင့်ခဲ့ ပြီး ဗီယက်နမ်အသင်းကလည်း ဂိုးရရန် တိုက်စစ်အသားပေးပုံစံ ဖြင့် ဆက်လက်ကစားခဲ့သည်။ ၇၅ မိနစ်တွင် ဗီယက်နမ်အသင်းက ဂိုးစရခဲ့ပြီး အသင်းခေါင်းဆောင် ဒိုဟောင်ထရောင်ဒေါင်က သွင်းယူ ခဲ့သည်။
အင်ဒိုနီးရှားနိုင်
အုပ်စု (က) အခြားပွဲတွင် အင်ဒိုနီးရှားအသင်းက ဖိလစ်ပိုင် အသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့ သည်။ ယခုပွဲစဉ်အပြီးတွင် ဗီယက် နမ်အသင်းက သုံးပွဲကစား ခုနစ် မှတ်၊ မြန်မာနှင့် အင်ဒိုနီးရှား အသင်းက သုံးပွဲကစား ခြောက် မှတ်စီရထားပြီး ဆီမီးဖိုင်နယ် တက်ရောက်ရန် အပြိုင်ဖြစ်နေ သည်။ ပွဲကုန် လေးပွဲကစား လေးမှတ်ရရှိသည့် ဖိလစ်ပိုင် အသင်း၊ သုံးပွဲကစား ရမှတ်မရ သေးသည့် တီမောအသင်းတို့မှာ အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရ သည်။ မြန်မာအသင်းသည် အုပ်စု နောက်ဆုံးပွဲအဖြစ် မေ ၁၅ ရက် တွင် အင်ဒိုနီးရှားအသင်းနှင့် ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်