
ရန်ကုန် မတ် ၂
အာရှ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင် မည့် ၂၀၂၃ အာရှဖလား တတိယ အဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ်များ ရေးဆွဲထုတ်ပြန်လိုက်ပြီဖြစ်သည်။
၂၀၂၃ အာရှဖလား တတိယ အဆင့် ခြေစစ်ပွဲကို ဇွန် ၈ ရက်မှ ၁၄ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ပြီး အုပ်စုခြောက်ခုခွဲ၍ ပြုလုပ် သွားမည်ဖြစ်သည်။ မြန်မာ အသင်းသည် ယင်းခြေစစ်ပွဲတွင် အုပ်စု (စ) ၌ ကာဂျစ္စတန်၊ တာဂျစ် ကစ္စတန်၊ စင်ကာပူအသင်းတို့နှင့် ကျရောက်နေသည်။ ပွဲစဉ်ရေးဆွဲ ထားမှုအရ မြန်မာအသင်းသည် ဇွန် ၈ ရက်တွင် တာဂျစ်ကစ္စတန် အသင်း၊ ဇွန် ၁၁ ရက်တွင် ကာဂျစ္စတန်အသင်း၊ ဇွန် ၁၄ ရက် တွင် စင်ကာပူအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။
မြန်မာအသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲတွင် တစ်အုပ်စုတည်း ကျရောက်ခဲ့ သည့် ကာဂျစ္စတန်၊ တာဂျစ်ကစ္စ တန်တို့နှင့် တတိယအဆင့် ခြေစစ်ပွဲတွင်လည်း တစ်အုပ်စု တည်း ထပ်မံကျရောက်လျက် ရှိသည်။ အာဆီယံဒေသတွင်း ပြိုင်ဘက် စင်ကာပူအသင်းနှင့်မူ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကကျင်းပသည့် အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲတွင် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး မြန်မာအသင်း ရှုံးနိမ့်ထားသည်။
အုပ်စုခွဲဝေမှုအရ အခြားအုပ်စု များဖြစ်သည့် အုပ်စု (က) တွင် ဂျော်ဒန်၊ ကူဝိတ်၊ အင်ဒိုနီးရှား၊ နီပေါ၊ အုပ်စု (ခ) တွင် ပါလက် စတိုင်း၊ ဖိလစ်ပိုင်၊ ယီမင်၊ မွန်ဂို လီးယား၊ အုပ်စု (ဂ) တွင် ဥဇဘက် ကစ္စတန်၊ ထိုင်း၊ မော်လ်ဒိုက်၊ သီရိလင်္ကာ၊ အုပ်စု (ဃ) တွင် အိန္ဒိယ၊ ဟောင်ကောင်၊ အာဖဂန် နစ္စတန်၊ ကမ္ဘောဒီးယား၊ အုပ်စု (င) တွင် ဘာရိန်း၊ တာ့ခ်မင်နစ္စတန်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်အသင်း တို့ ပါဝင်နေသည်။ မြန်မာအသင်း သည် အုပ်စုကျပ်အတွင်း ကျရောက်နေခြင်းဖြစ်ပြီး ခြေစစ် ပွဲအောင်မြင်ရန် ရုန်းကန်ရဖွယ် ရှိနေသည်။ တတိယအဆင့်ခြေစစ် ပွဲကို တစ်ကျော့တည်းသာ ပြုလုပ် မည်ဖြစ်ပြီး အုပ်စုခြောက်ခုမှ ထိပ်ဆုံးခြောက်သင်းနှင့် ဒုတိယ နေရာရ အသင်းများအနက် အကောင်းဆုံးငါးသင်း စုစုပေါင်း ၁၁ သင်း ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်သည်။
မြန်မာအသင်းသည် ၁၉၆၈ အာရှဖလားပြိုင်ပွဲတွင် ဒုတိယဆု ရရှိပြီးနောက်ပိုင်း အာရှဖလား ပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခွင့်မရတော့သလို ခြေစစ် ပွဲအောင်မြင်ခြင်း မရှိတော့ ကြောင်း သိရသည်။
ရဲရင့်လွင်
ဓာတ်ပုံ - AFC