
ရန်ကုန် မေ ၁၅
ဆီးဂိမ်း အမျိုးသားဘော်လီဘောပြိုင်ပွဲ အုပ်စု (က) ဒုတိယနေ့ကို မေ ၁၅ ရက်က ဗီယက်နမ်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း နိုင်ပွဲပြန်လည်ရရှိခဲ့သည်။
မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ သုံးပွဲပြတ် အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းသည် မလေးရှားကို လက်ရည်အသာဖြင့် ကစားကာ ပထမပွဲငယ်တွင် ၂၅-၁၃ မှတ်ဖြင့် အနိုင်ရခဲ့သည်။ ပထမပွဲငယ်တွင် အနိုင်ရခဲ့သည့် မြန်မာအသင်းသည် ဒုတိယပွဲငယ်တွင် ပိုကောင်းအောင်ကစားနိုင်ခဲ့ပြီး မလေးရှားအသင်း ကလည်း နိုင်ပွဲပြန်လည်ရရှိရန် ကြိုးပမ်းမှုကြောင့် မြန်မာအသင်းအနေဖြင့် ၂၅-၁၉ မှတ်ဖြင့် အနိုင်ရခဲ့ သည်။
တတိယပွဲငယ်တွင် မလေးရှားအသင်း ကြိုးပမ်း လာသော်လည်း မြန်မာအသင်းက ၂၅-၂၂ မှတ် ဖြင့် အနိုင်ရရှိခဲ့သည်။ အုပ်စုပထမပွဲတွင် အင်ဒို နီးရှားကို အရေးနိမ့်ထားသည့် မြန်မာအသင်း အနေဖြင့် ယခုပွဲအနိုင်ရမှသာ ဆီမီးဖိုင်နယ် တက်ရောက်ရန် မျှော်လင့်နိုင်မည်ဖြစ်သော ကြောင့် ကြိုးစားယှဉ်ပြိုင်ရာ နိုင်ပွဲပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် မေ ၁၈ ရက်တွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်