
ရန်ကုန် ဇန်နဝါရီ ၁၃
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံး အဆင့် ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။ ၂၀၂၂ အာရှ ဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။
အာရှဖလားပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ- ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်- ဦးတင်မြင့်အောင်၊ လက်ထောက်နည်းပြ- ဦးခင်မောင်ထွေး၊ ဦးဘိုဘို အောင်၊ ဒေါ်သူဇာထွေး၊ ဂိုးနည်းပြ- ဦးယဉ်မင်း အောင်၊ အသင်းဆရာဝန်- ဒေါက်တာယုနန္ဒာထွန်း၊ အကြော ကျွမ်းကျင်- ဦးလွင်ဦးကို၊ Media officer- ဦးအောင် သော်ဖြိုး၊ Video Analyst- ဦးမြတ်စိုးသူ၊ Security Officer -ဒေါ်ဆုပြည့်စုံအောင်၊ အားကစားသမား များအဖြစ် ဂိုးသမား- မေဇင်နွယ်၊ ဇူးလတ်နဒီ၊ ခိုင်ဇာဝင်း၊ နောက်တန်း- အေးအေးမိုး၊ ချစ်ချစ်၊ ခင်မျိုးဝင်း၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်၊ အိအိကျော်၊ခင်သန်းဝေ၊ အလယ်တန်း- သင်းသင်းယု၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ ၊ ဝင်းဝင်း၊ နော်ထက် ထက်ဝေ၊ ရှေ့တန်း- ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊ ခင်မိုးဝေ၊ မြတ်နိုးခင်၊ ဂျူလိုင်ကျော်၊ နှင်းပွင့်အေးနှင့် နုနုတို့ ပါဝင်ကြသည်။
မြန်မာအမျိုးသမီးအသင်းတွင် အာရှဖလား ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ကစားသမားအများစု ပါဝင်လာပြီး လေးဦးသာ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးတင်မြင့် အောင်သည် ပဏာမကစားသမား ၂၇ ဦးဖြင့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အပြီးသတ် ကစားသမား ၂၃ ဦးကို ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းကစားသမားများအနက် အိန္ဒိယကလပ်တွင် ကစားနေသည့် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အိန္ဒိယ နိုင်ငံသို့ ရောက်ရှိမှသာ လာရောက်ပူးပေါင်းမည်ဖြစ် သည်။
အာရှဖလား အမျိုးသမီးပြိုင်ပွဲ အုပ်စုခွဲဝေထားမှု အရ အုပ်စု(က)တွင် အိမ်ရှင်အိန္ဒိယ၊ တရုတ်၊ တရုတ် တိုင်ပေ၊ အီရန်၊ အုပ်စု (ခ)တွင် သြစတြေးလျ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အုပ်စု (ဂ)တွင် လက်ရှိ ချန်ပီယံ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ပါဝင်နေသည်။
မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် ဇန်နဝါရီ ၂၁ ရက်တွင် လက်ရှိချန်ပီယံ ဂျပန်အသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်