
ရန်ကုန် ဧပြီ ၉
၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဧပြီ ၁၀ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် တတိယနေရာ လုပွဲ ကစားရမည်ဖြစ်သည်။
တတိယနေရာလုပွဲအဖြစ် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် မြန်မာ အသင်းနှင့် ဗီယက်နမ်အသင်း၊ မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ဗိုလ်လုပွဲအဖြစ် အိမ်ရှင်ထိုင်းအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကစားမည့်အသင်းများမှာ တစ်အုပ်စုတည်း ကျရောက်ခဲ့သည့် အသင်းများဖြစ်ပြီး အုပ်စုတွင်း တွေ့ဆုံမှုတွင် မြန်မာနှင့် ဗီယက်နမ်အသင်းတို့က တစ်ဂိုးစီသရေ၊ အင်ဒိုနီးရှားနှင့် ထိုင်းအသင်းက နှစ်ဂိုးစီ သရေကျခဲ့သည်။ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့၏ တတိယနေရာလုပွဲမှာ တတိယနေရာ ရရှိရုံသာမက ၂၀၂၂ အာရှဖလား ဖူဆယ်ခြေစစ်ပွဲအောင်မြင်ရေး တစ်နေရာအတွက်ပါ အရေးပါသည့်ပွဲလည်းဖြစ်သည်။ အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အာရှဖလား ဖူဆယ်ပြိုင်ပွဲအတွက် အာဆီယံဇုန်ခြေစစ်ပွဲကို သီးခြားမကျင်းပဘဲ ၂၀၂၂ အာဆီယံ ဖူဆယ်ပြိုင်ပွဲနှင့် တစ်ပေါင်းတည်းပြုလုပ်ခြင်းဖြစ်သည်။ ယခုပြိုင်ပွဲ တွင် ပထမ၊ ဒုတိယနှင့် တတိယနေရာရရှိသည့်အသင်းမှာ အာရှ ဖလားခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ရာ ဗိုလ်လုပွဲကစားရမည့် ထိုင်း နှင့် အင်ဒိုနီးရှားအသင်းတို့မှာ ခြေစစ်ပွဲအောင်မြင်ထားပြီး တတိယ နေရာလုပွဲကစားမည့် မြန်မာနှင့် ဗီယက်နမ်အသင်းတို့ပွဲမှ အနိုင် ရရှိသည့်အသင်းမှာ အာရှဖလားပြိုင်ပွဲတွင် အာဆီယံဇုန်မှ ကစား ခွင့်ရမည့် လက်ကျန်တစ်နေရာရရှိမည်ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုပွဲများတွင် ရလဒ်ကောင်းများရရှိပြီး ရမှတ် ခုနစ်မှတ်ဖြင့် အုပ်စုပထမနေရာရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သော်လည်း ဆီမီးဖိုင်နယ်တွင် အင်ဒိုနီးရှားအသင်း ကို မထင်မှတ်ဘဲ ခြောက်ဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သဖြင့် ဗိုလ်လုပွဲ နှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။
ရဲရင့်လွင်