၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် ဒုတိယကမ္ဘာစစ်ကြီးက ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေခဲ့သည်။ ထိုစဉ်က ကမ္ဘာ့အင်အားကြီး နိုင်ငံများ အုပ်စုနှစ်စုဖြစ်သည့် မဟာမိတ်နိုင်ငံများနှင့် ဝင်ရိုးတန်း နိုင်ငံများက ကမ္ဘာ့တိုက်ကြီးများရှိ နေရာအသီးသီးတို့တွင် စစ်မျက်နှာဖွင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နယ်ချဲ့လက်ဟောင်းနှင့် လက်သစ်နိုင်ငံအုပ်စုများ အင်ပါယာစားခွက်လုကြသည့် စစ်ပွဲအဖြစ် အခြားရှုထောင့်မှနေ၍ ရှုမြင်ခဲ့ကြသည်လည်းရှိသည်။
၁၉၄၁ ခုနှစ်အတွင်း အီတလီ၊ ဂျာမနီ၊ ဂျပန်ဝင်ရိုးတန်း ဖက်ဆစ် နိုင်ငံများက စစ်မျက်နှာများတွင် အရေးသာနေစဉ်ကာလ အတ္တလန္တိတ်သမုဒ္ဒရာ နယူးဖောင်လန်ကျွန်းအနီး အမေရိကန် စစ်ရေယာဉ်တစ်စင်းပေါ်တွင် အမေရိကန်သမ္မတ ရုစဗဲ့နှင့် ဗြိတိန် ဝန်ကြီးချုပ် ဝင်စတန်ချာချီတို့ တွေ့ဆုံဆွေးနွေးရာမှ အတ္တလန္တိတ် ချာတာ ဟူသောအမည်ဖြင့် ထွက်ပေါ်လာသည့် ကြေညာချက်က မြန်မာ၊ အိန္ဒိယ စသည့် ကိုလိုနီနိုင်ငံများအပေါ် ပဲ့တင်ရိုက်ခတ်သွား ခဲ့ပြီး လွတ်လပ်ရေးဟူသော မျှော်လင့်ချက်တို့ မြင့်မားလာခဲ့သည်။ ၎င်းကြေညာချက်ပါ လုံခြုံရေး၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ တန်းတူ ညီမျှရေး၊ ဆင်းရဲတွင်းမှ လွတ်မြောက်ရေး စသည့်အကြောင်းအရာ များက ကိုလိုနီနိုင်ငံများရှိ ပြည်သူများကို ဆွဲဆောင်နိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် အင်ပါယာများ နိဂုံးချုပ်ခဲ့ရသလို တစ်ချိန်က အင်ပါယာ အရှင်သခင်များမှာလည်း နေဝင်ချိန်သို့ ရောက်ရှိခဲ့သည်။ တစ်ချိန်တစ်ခါက အင်ပါယာပိုင်ရှင် လက်နက်နိုင်ငံ ကြီးများ၏ အရှင်သခင်များအဖြစ် ဂုဏ်ယူဝင့်ကြွားခဲ့မှုများမှာ အရှက်ရစရာများအဖြစ် အမြင်ပြောင်းလဲသွားခဲ့ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို လူသားတို့၏ စံတန်ဖိုးများအဖြစ် သတ်မှတ် လက်ခံလာကြသည်။ သို့ရာတွင် ယင်းသို့ စံတန်ဖိုးအသစ်ကို သတ်မှတ်ကြသည့် ဦးဆောင်သူများတွင် တစ်ချိန်က နယ်ချဲ့ လက်ဟောင်းလက်သစ်နိုင်ငံများက အဓိကပါဝင်နေကြပြီး ဒီမို ကရေစီနှင့် လူ့အခွင့်အရေးတို့တွင် စံမမီ၊ မကိုက်ညီ၊ နိမ့်ကျနေ သူများအဖြစ် သတ်မှတ်စွပ်စွဲခံရသူအများစုမှာ နယ်ချဲ့လက်အောက် မှ လွတ်မြောက်ခဲ့ရသည့် အာရှ၊ အာဖရိက တတိယနိုင်ငံများမှ အများစုတို့ ဖြစ်ကြသည်ကိုလည်း အံ့ဩဖွယ်ရာတွေ့ရပြန်သည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသည် တိုက်ယူ၍ ရခဲ့သော လွတ်လပ်ရေး မဟုတ်ကြောင်း၊ အတ္တလန္တိတ်ချာတာအရ ရရှိခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံရေးသမားအချို့ (ဗမာပြည်ကွန်မြူနစ်များအပါ အဝင်) ၏ ဝေဖန်ပုတ်ခတ်မှုများမှာ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိစဉ်ကပင် ထွက်ပေါ်ခဲ့သလို ဗမာ့တပ်မတော်က ဦးဆောင်၍ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ခြင်းနှင့် စပ်လျဉ်း၍လည်း သေးသိမ်စေရန် ပြောဆိုမှု၊ ရေးသားမှုများ၊ အတိတ် ကာလကရော မျက်မှောက်ကာလတွင်ပါ တွေ့ရှိနိုင်သည်။ အထူး သဖြင့် ယနေ့ခေတ် လူမှုကွန်ရက်တွင် တပ်မတော်အပေါ် ဆန့်ကျင် ပုတ်ခတ်လိုမှု၊ သေးသိမ်စေလိုမှု သက်သက်မျှဖြင့် မြန်မာ့လွတ်လပ် ရေး၊ ဖက်ဆစ်တော်လှန်ရေးတို့ကိုပါ ပုံပျက်ပန်းပျက်ဖြစ်အောင် ရာဇဝင်အူပေါက် ရေးသားဖြန့်ဝေနေကြခြင်းဖြစ်ကြောင်း တွေ့ရ သည်။
စင်စစ်မြန်မာ့လွတ်လပ်ရေးသည် မဖြစ်မနေ (တောင်း၍ မရလျှင် တိုက်၍ယူမည်ဟူသော) သန္နိဋ္ဌာန်ဖြင့် စည်းလုံးညီညွတ်စွာ တောင်းဆို ရယူခဲ့သော လွတ်လပ်ရေးဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေးတွင် လည်း ဗမာ့တပ်မတော်နှင့် ပြောက်ကျားတပ်များက ကမ္ဘာကပင် အသိအမှတ်ပြုအောင် တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ တိုက်ခိုက်ခြင်းကို ဗြိတိသျှတို့က ဖုံးနိုင်သမျှဖုံးခဲ့သည်။ သတင်းစာ များတွင် ပါသင့်သလောက်မပါ။ ဗမာ့တပ်မတော်နှင့် ပူးတွဲတိုက်ခိုက်မှု များတွင် ၎င်းတို့ချည်း တိုက်သကဲ့သို့ သတင်းပေးခဲ့သည် သတင်းများ ထိမ်ချန်ထားသည့်ကြားမှ ကမ္ဘာကအသိအမှတ် ပြုလာခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက “ဒီလို ကမ္ဘာက ဗမာပြည်ကို ထင်ထင်ရှားရှား အသိအမှတ်ပြုလာခဲ့တာဟာ ဗမာပြည်ရဲ့ ရာဇဝင်မှာ ဒီတစ်ကြိမ်ပဲ ရှိသေးတယ်” ဟူ၍ မှတ်ချက်ပြုခဲ့သည်။ မိမိတို့ ဘိုးဘွားများ၏ အသက်သွေးချွေးတို့ဖြင့် ရင်းနှီးရယူခဲ့ရသည့် လွတ်လပ်ရေးကို လေးစားမြတ်နိုးစွာဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြ ရမည့်တာဝန်မှာ မျက်မှောက်ကာလ မျိုးဆက်တို့၏ တာဝန်ဖြစ်သည့် အလျောက် တာဝန်ကျေပွန်နိုင်ကြပါစေကြောင်း။ ။