
နေပြည်တော် နိုဝင်ဘာ ၂၅
မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ် ညှိနှိုင်းစီမံခန့်ခွဲမှုကော်မတီ၏ ပထမအကြိမ် အစည်း အဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ဘေးထွက် ဆိုးကျိုးနည်းပြီး စွမ်းရည်ထက်မြက်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရရှိလာပါက မိမိတို့နိုင်ငံ ပြည်သူများ အား ဦးစားပေးအစီအစဉ်အလိုက် စနစ်တကျ ထိုးနှံနိုင်ရေး အတွက် လုပ်ငန်းများကို စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း။
ထပ်မံတိုးချဲ့ဖွဲ့စည်း
ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှု ကော်မတီ (COVAX National Coordinating Committee– CNCC) နှင့် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေးလုပ်ငန်း အဖွဲ့ (COVAX National Technical Working Group-CTWG) တို့ကို အောက်တိုဘာလအတွင်း ဖွဲ့စည်းခဲ့ပြီး အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) ကို ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့ကာ လုပ်ငန်းများ တစ်ပြိုင်နက်တည်း ဆောင်ရွက် လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းအဖွဲ့ခွဲများမှ ဆွေးနွေးအတည်ပြုချက်များအား အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ထံသို့ တင်ပြခဲ့ပါကြောင်း၊ အဆိုပါ အချက်များကို ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများမှ တင်ပြသွားမည်ဖြစ်ပြီး တက်ရောက် လာကြသူများက ကာကွယ်ဆေးဖြန့်ဝေထိုးနှံမည့် အစီ အစဉ်ဆိုင်ရာ ကိစ္စရပ်များအား ဝိုင်းဝန်းဆွေးနွေး အကြံပြု ကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အရည်အသွေး ပြည့်ဝသော ကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံ နိုင်ရေးအတွက် ရန်ပုံငွေများ အဓိကထောက်ပံ့ပေးနေသည့် Gavi, The Vaccine Alliance အဖွဲ့အနေဖြင့် COVAX Facility မှတစ်ဆင့် မိမိတို့နိုင်ငံလူဦးရေ၏ (၂၀) ရာခိုင်နှုန်း အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးအား အထူးသက်သာ သောနှုန်းထား (သို့မဟုတ်) အခမဲ့ရနိုင်ရေး ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း။
မိမိအနေဖြင့် မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရရှိနိုင်ရေးအတွက် Gavi, The Vaccine Alliance အဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့် အချိန်နှင့် တစ်ပြေးညီ ဆွေးနွေးညှိနှိုင်းလျက်ရှိပါကြောင်း၊ ပြည်သူများ အနေဖြင့် သတိပြုအလေးထားရမည်မှာ ကမ္ဘာ့နိုင်ငံအားလုံး မှ ကိုဗစ်-၁၉ ကာကွယ်ဆေးကို လိုအပ်နေသဖြင့် အပြိုင် အဆိုင်ဝယ်ယူရန် ကြိုးစားလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့်လည်း နိုင်ငံတစ်ဝန်းလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်း လွှမ်းခြုံမှုမှာ ကာကွယ်ဆေးရရှိမှုပမာဏအပေါ် မူတည်၍ ဆောင်ရွက်ရမည်ဖြစ်သဖြင့် လူထုအတွင်း ရောဂါခုခံကာကွယ်နိုင်မှု ပမာဏအင်အားကို အချိန်တို အတွင်း ရရှိနိုင်မည်မှာ ခက်ခဲပါကြောင်း။
ကမ္ဘာ့ဘဏ်ချေးငွေတို့ကို အသုံးပြု
သို့ဖြစ်၍ ပြည်သူလူထုအနေဖြင့် လက်ရှိရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစည်းကမ်းများကို လပေါင်း များစွာ မဖြစ်မနေ ဆက်လက်၍ လုပ်ဆောင်ရမည့်အပြင် အရှိန်အဟုန်ကိုလည်း တိုးမြှင့်၍ ဆောင်ရွက်စေလိုပါ ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပိုမိုရရှိထိုးနှံနိုင်ရန် နိုင်ငံတော်ဘဏ္ဍာငွေ၊ Gavi, the vaccine alliance မှ ထောက်ပံ့ငွေနှင့် ကမ္ဘာ့ဘဏ်ချေးငွေတို့ကို အသုံးပြုကာ ဝယ်ယူမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ဆေးခန်းများက ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံနိုင်ရန် အတွက်ကိုလည်း စနစ်တကျလမ်းညွှန်ချက်များ အမြန်ဆုံး ချမှတ်ကာ ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း။
ထိုသို့ ခွင့်ပြုရာတွင် အာနိသင်မပြည့်ဝသည့် ကာကွယ် ဆေးများမဖြစ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာနတို့ အပါအဝင် နှီးနွှယ်ဌာနဆိုင်ရာများ၊ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင် ထိုးနှံအသုံးပြုရန် ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု သော (သို့မဟုတ်) သက်ဆိုင်ရာနိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့အစည်း (FDA) များမှ တရားဝင် အသိအမှတ်ပြုထားသော (သို့မဟုတ်) သက်ဆိုင်ရာ ကာကွယ်ဆေးထုတ်လုပ်သည့် နိုင်ငံများမှ အရေးပေါ် သုံးစွဲခွင့် ရရှိထားသော ကာကွယ်ဆေးများကိုသာ အသုံးပြု ခွင့်ပေးမည်ဖြစ်ပြီး အခြားသော အရည်အသွေးနှင့် အာနိသင် အာမခံချက်မရှိသော ကာကွယ်ဆေးများကို လုံးဝအသုံးပြုခွင့်ပေးမည် မဟုတ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရွေးချယ်ရာတွင် ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲ ဖြစ်ရပ်များ (Adverse event following immunization (AEFI)) အနည်းဆုံးဖြစ်ခြင်း၊ သယ်ယူပို့ဆောင်ရာတွင် မိမိတို့နိုင်ငံအခြေအနေနှင့် ကိုက်ညီခြင်း၊ ဓာတ်ခွဲခန်းနှင့် သုတေသနလေ့လာစမ်းသပ်ရာတွင် စွမ်းရည်ထက်မြက် ရုံသာမက လက်တွေ့ ပြင်ပတွင်လည်း စွမ်းရည်ထက်မြက် ခြင်း (effectiveness)၊ ထိုးနှံရမည့် အကြိမ်အရေအတွက်၊ ရောဂါကာကွယ်နိုင်စွမ်းရှိသည့် အတိုင်းအတာ စသည့် အချက်များနှင့် တိုက်ဆိုင်သုံးသပ်ကာ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာ အကြံပေး အဖွဲ့၏ အကြံပြုချက်များနှင့် အညီ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီသို့တင်ပြကာ ကာကွယ်ဆေးများကို ရွေးချယ်အသုံးပြုသွားမည် ဖြစ်ပါကြောင်း။
အောင်မြင်မှု လမ်းစများ တွေ့ရှိ
လက်ရှိတွင် ကမ္ဘာ့နိုင်ငံများနှင့် ကုမ္ပဏီအများအပြားမှ လက်တွေ့စမ်းသပ် သုတေသနပြုမှု ပြုလုပ်လျက်ရှိသော ကိုဗစ်-၁၉ ကာကွယ်ဆေးများအနက် အတိုင်းအတာတစ်ခု အထိ အောင်မြင်မှုလမ်းစများ တွေ့ရှိနေသော ကာကွယ်ဆေး အချို့သည် အလွန်အမင်းအေးသော အအေးလမ်းကြောင်း သိုလှောင်မှု (အနုတ် ၇၀ ဒီဂရီစင်တီဂရိတ်) (ultra-cold storage) ဖြင့် ထားရှိရမည်ဖြစ်ရာ ဝန်ကြီးဌာနအနေဖြင့် အဆိုပါကာကွယ်ဆေးအား ဝယ်ယူမည်ဆိုပါက အလွန် အမင်းအေးသော အအေးလမ်းကြောင်း သိုလှောင်မှုစနစ်ကို ရရှိနိုင်ရေးအတွက် လိုအပ်သည်များကိုလည်း ဝယ်ယူရန် စီစဉ်ဆွေးနွေးလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ လက်ရှိအသုံးပြု နေသော အအေးလမ်းကြောင်းစနစ်နှင့် ကိုက်ညီသည့် ကမ္ဘာတွင် သုတေသနပြု အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု လမ်းစများ တွေ့ရှိနေသော ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးအစားများလည်း ရှိနေပါကြောင်း။
ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ တိုးချဲ့ကာကွယ် ဆေးထိုး လုပ်ငန်းစီမံချက်သည် နှစ်ပေါင်းများစွာ အတွေ့ အကြုံရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ရရှိလာသည့်အခါ လူနာများကို ကိုင်တွယ်ကုသပေးနေရသည့် ကျန်းမာရေး ဝန်ထမ်းများ ကဲ့သို့ ရောဂါကူးစက်နိုင်ခြေ များပြားသူများ၊ အသက်အရွယ် ကြီးပြီး ရောဂါအခံရှိသူများ၊ နေရာဒေသအလိုက် ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေအပါအဝင် အခြေအနေအရပ်ရပ် ကို ဘက်စုံခြုံငုံစဉ်းစားကာ ဦးစားပေးထိုးနှံမည့် အုပ်စုများ သတ်မှတ်ထိုးနှံသွားမည်ဖြစ်ပြီး ကာကွယ်ဆေး အရေ အတွက် ပိုမိုရရှိလာပါက အဆင့်ဆင့်တိုးချဲ့ ထိုးနှံသွားမည် ဖြစ်ပါကြောင်း။
ဝိုင်းဝန်းဆွေးနွေးအကြံပြု
ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိနိုင်ရေး အဆိုပြုလွှာကို Gavi, The Vaccine Alliance ထံသို့ ယခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့အရောက်ပေးပို့နိုင်ရန်အတွက် ပြင်ဆင်ထားပြီး အချိန်မီ ပို့မည်ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် ကာကွယ် ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့နှင့် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်တို့အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Gavi, The Vaccine Alliance အဖွဲ့တို့နှင့် အမြဲတမ်းဆက်သွယ်ချိတ်ဆက်ပြောဆိုနေရ မည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Gavi, The Vaccine Alliance အဖွဲ့နှင့် COVAX facility တို့မှ ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ သတင်းများကို အမြဲမပြတ်သိရှိ နိုင်ရန်အတွက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက် တွင် စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့တစ်ခု တာဝန်ပေး ဆောင် ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက် အရေးကြီး သည့် လုပ်ငန်းစဉ်ကြီးဖြစ်သဖြင့် ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုခြင်းနှင့် လုပ်ငန်းများ အကောင်အထည်ဖော်ခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာ သန္တာလွင်၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မှ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် နည်းပညာပိုင်း ဆိုင်ရာ၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုဆိုင်ရာ၊ ကာကွယ်ဆေး အရည် အသွေးဆန်းစစ်မှုဆိုင်ရာ၊ အလှူရှင်များနှင့် ချိတ်ဆက်ခြင်း ဆိုင်ရာ၊ စီမံခန့်ခွဲမှုနှင့် သတင်းအချက်အလက်ဆိုင်ရာ၊ ကာကွယ်ဆေး ပံ့ပိုးဖြန့်ဝေမှုဆိုင်ရာ၊ ကပ်ရောဂါဗေဒနှင့် အခြေအနေအရပ်ရပ်ကို ဆန်းစစ်သုံးသပ်ခြင်းဆိုင်ရာနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများမှ ဒေါက်တာ အောင်နိုင်ဦး၊ ဒေါက်တာ အေးမြချမ်းသာ၊ ဒေါက်တာ နှင်းအိဖြူ၊ ဒေါက်တာ နှင်းနွယ်နီအေးနှင့် ဒေါက်တာ ငြိမ်းငြိမ်းချစ်တို့ က ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက်ရရှိပါက စနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် အစီအစဉ်များနှင့်ပတ်သက်၍ တင်ပြကြရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရန် ကြိုးပမ်းနေသည့် နိုင်ငံများ၊ ကျန်းမာရေး အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ သတင်း အချက်အလက်များကို အမြဲမပြတ်စောင့်ကြပ်ကြည့်ရှုနေမှု၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Gavi, The Vaccine Alliance အဖွဲ့နှင့် COVAX facility တို့နှင့် ချိတ်ဆက်ဆောင်ရွက်နေမှု နှင့် အစည်းအဝေးများတွင် တက်ရောက်ဆွေးနွေးနေမှုများ၊ ပြည်တွင်း၌လည်း ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင် မှုများပြုလုပ်ခြင်းနှင့် အကြံပြုချက်များ ရယူခြင်းများ၊ နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းထားရှိမှုများ၊ ဝန်ကြီးဌာန၏ ကာကွယ်ဆေး သိုလှောင်ထိန်းသိမ်းမှု အအေးလမ်းကြောင်း စနစ်များအခြေအနေ ဆန်းစစ်ထားရှိ မှု၊ ကာကွယ်ဆေးထိုးနှံရန်အတွက် လိုအပ်သည့်ပြင်ဆင်မှု များ အသင့်ဖြစ်မှု အခြေအနေ ဆန်းစစ်ထားရှိမှု၊ လက်ရှိတွင် ကမ္ဘာ့နိုင်ငံများ၌ လေ့လာသုတေသနပြုနေသည့် အလား အလာရှိသော ကိုဗစ်-၁၉ ကာကွယ်ဆေးများနှင့် ပတ်သက် ၍ ၎င်းတို့၏ ခန့်မှန်းဈေးနှုန်းများ၊ ခန့်မှန်းထုတ်လုပ်နိုင်မှု၊ ကာကွယ်ဆေးအမျိုးအစားအလိုက် ထားသိုရမည့်အပူချိန် နှင့် အအေးလမ်းကြောင်းစနစ်များ၊ ကိုဗစ်-၁၉ ကာကွယ် ဆေး ရရှိနိုင်ရေး အဆိုပြုလွှာကို ယခုနှစ် ဒီဇင်ဘာ ၇ ရက် အရောက်ပေးပို့နိုင်ရန်အတွက် ပြင်ဆင်ထားရှိမှု၊ COVAX Facility မှ Gavi, The Vaccine Alliance ၏ ပံ့ပိုးမှုဖြင့် ကာကွယ်ဆေးရရှိနိုင်မှု၊ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ဝယ်ယူရရှိနိုင်မှုနှင့် ပုဂ္ဂလိက ကာကွယ်ဆေး ထုတ်လုပ် သူများထံမှ တိုက်ရိုက်ဝယ်ယူနိုင်မည့် အခြေအနေများကို ဆန်းစစ်သုံးသပ်ထားမှု၊ ဝန်ကြီးဌာန၏ ကာကွယ်ဆေး ဖြန့်ဝေထိုးနှံနိုင်ရန် လူ့စွမ်းအားအရင်းအမြစ် အခြေအနေ ဆန်းစစ်ထားရှိမှု၊ ကာကွယ်ဆေးထိုးနှံပေးမည့်သူများအား မွမ်းမံသင်တန်းပြုလုပ်မည့် အစီအစဉ်၊ ကာကွယ်ဆေး၏ အရည်အသွေးကို ဆန်းစစ်နိုင်ရန်၊ ကာကွယ်ဆေးကို မြန်မာ နိုင်ငံသို့ သယ်ယူပို့ဆောင်ရန်နှင့် နိုင်ငံတွင်းရောက်ရှိပြီး နောက် ဖြန့်ဖြူးရန် အစီအစဉ်များ၊ ပုဂ္ဂလိက ကဏ္ဍကို ပိုမိုပူးပေါင်းပါဝင်စေရေးကိစ္စရပ်များ၊ နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အခြေအနေနှင့် ရောဂါကူးစက်နိုင်ခြေ များပြားသူများ အုပ်စုတို့နှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ ကာကွယ်ဆေး ရရှိမှုအပေါ်မူတည်၍ ဦးစားပေးထိုးနှံ ပေးသင့်သည့် လူအုပ်စုများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ ခန့်မှန်း တွက်ချက်မှုများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အသုံးပြုရမည့် ပစ္စည်းကိရိယာများနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲ ဖြစ်ရပ်များ စောင့်ကြပ်ကြည့်ရှုရေးအတွက် ဒစ်ဂျစ်တယ် စနစ်ဖြင့် မှတ်ပုံတင်ခြင်း၊ သတင်းအချက်အလက် စုဆောင်း ပေးပို့ခြင်းတို့ကို ဆောင်ရွက်သွားမည့် အစီအစဉ်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ပြင်ဆင်ချိန်၊ စတင်ထိုးနှံ ချိန်တို့တွင် ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်သွားမည့် အစီအစဉ်နှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း နှင့် အမျိုးသားအဆင့် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group) ဥက္ကဋ္ဌ ဒေါက်တာစိုးလွင်ငြိမ်း တို့က အလွန်အမင်းအေးသော အအေးလမ်းကြောင်း သိုလှောင်မှုစနစ် လိုအပ်ကောင်း လိုအပ်မည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်နိုင်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ဒစ်ဂျစ်တယ်မှတ်တမ်းစနစ် အသုံးပြုရန် အတွက် အသေးစိတ်ဆွေးနွေးမှုများ ပြုလုပ်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရရှိတော့မည့်အချိန်၌ ကာကွယ်ဆေး ထိုးနှံရန် ဦးစားပေးအုပ်စုများ သတ်မှတ်မှု၊ ထိုးနှံမည့် အစီအစဉ်များကို မီဒီယာအမျိုးမျိုးမှတစ်ဆင့် ကျယ်ကျယ် ပြန့်ပြန့်ကြိုတင်အသိပေးထားရေး အပါအဝင် ဆောင်ရွက် ရမည့် ကိစ္စရပ်များအား အကြံပြုဆွေးနွေးကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူ များက အထွေထွေ ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက်ကြ သည်။
ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြု
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာ စကားပြောကြားရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ မည့် လုပ်ငန်းများတွင် ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြုသွား မည်မှာ ကောင်းမွန်ပါကြောင်း၊ ဝန်ကြီးဌာန၏ ကျန်းမာရေး စီမံချက် အားလုံးတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ဒစ်ဂျစ်တယ် နည်းပညာများကို ယခုထက်ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးချဆောင်ရွက် သွားစေလိုပါကြောင်း၊ ကာကွယ်ဆေး ဘာသာရပ် ဒီပလိုမာသင်တန်းများနှင့် စွမ်းဆောင်ရည်မြှင့် အွန်လိုင်း သင်တန်းများ အမြန်ဆုံးဖွင့်လှစ်စေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးအလိုက် ထိုးနှံရမည့် အကြိမ်ရေ၊ ထိုးနှံသည့် အကြိမ်အလိုက် ရောဂါကာကွယ်နိုင်သည့် အတိုင်းအတာ ကာလ၊ ရောဂါကာကွယ်နိုင်စွမ်းသည် အသက်အရွယ် အပေါ်မူတည် ပြောင်းလဲနိုင်မှုအနေအထားတို့ကိုလည်း ဆန်းစစ်လေ့လာကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့၏ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကြံ ပြုမှုများအပေါ် သုံးသပ်ခြင်းများပြုလုပ်ကာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့တင်ပြကာ ဆုံးဖြတ် ချက်များ ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။ သတင်းစဉ်