
နေပြည်တော် ဩဂုတ် ၁၈
မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (၂၀၂၀-၂၁) ကောက်ယူရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မဖြစ်မနေ ထည့်သွင်းရမည်
ရှေးဦးစွာ မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက် အလက်စစ်တမ်း (၂၀၂၀-၂၁) ကောက်ယူရေး ဦးဆောင်ကော်မတီ၏ နာယက၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (၂၀၂၀-၂၁) ကို ကောက်ယူမည့်အစီအစဉ်သည် မိမိတို့နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာများ စစ်မှန်စွာ ချမှတ်နိုင်ရန်အတွက် အရေးကြီးပါကြောင်း၊ ယခု ကဲ့သို့သော စစ်တမ်းကောက်ယူခြင်းဖြင့် မိမိတို့နိုင်ငံ၏ လက်ရှိ ကျန်းမာရေး အခြေအနေများကို ပိုမိုတိကျစွာ သိရှိလာနိုင်ပြီး မှန်ကန်ထိရောက်သည့် နည်းဗျူဟာများနှင့် လုပ်ငန်းစဉ်များချမှတ်ခြင်း၊ အရင်းအမြစ်များကို လိုအပ် သည့်နေရာသို့ မှန်ကန်စွာခွဲဝေချထားခြင်း၊ အရေးကြီးသည့် ကျန်းမာရေး စီမံချက် များကို ဦးစားပေးဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးစီမံချက် မန်နေဂျာများအနေဖြင့် ယခင်ကောက်ယူခဲ့သော မြန်မာ နိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (၂၀၁၅-၁၆) မှ စစ်တမ်းတွေ့ရှိချက်များကို နောက်ခံထားရှိကာ မိမိတို့ ယခုကျင့်သုံးလျက်ရှိသော နည်းဗျူဟာများကို လိုအပ်လျှင် လိုအပ်သလို ပြောင်းလဲ၍ ပြည်သူများ၏ ကျန်းမာရေးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကုသရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပထမအကြိမ် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက် စစ်တမ်းမှ တွေ့ရှိချက်များကို မည်သည့်အတိုင်းအတာအထိ ပိုမိုတိုးတက်အောင် ပြုလုပ်နိုင်ခဲ့သည်များကို သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ ယခုကောက်ယူမည့် စစ်တမ်းတွင် ကျန်းမာရေးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များနှင့် ဆက်စပ်သည့် အချက်အလက်အကြောင်းအရာ (parameter) သစ်များကိုလည်း မဖြစ်မနေ ထည့်သွင်းရမည်ဖြစ်ပါကြောင်း။
ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်
မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ပြုစုထားသော သုတေသနခေါင်းစဉ် ဘဏ်မှ ယခုစစ်တမ်းနှင့် နှီးနွှယ်နေသည့် သုတေသနများကိုလည်း ယှဉ်တွဲ၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့သော စစ်တမ်းကြီးများမှ တွေ့ရှိချက် များနှင့် ပတ်သက်၍ မိခင်၊ ကလေးကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေးစသည်ဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် သုတေသနများ ဆက်လက်ပြုလုပ်စေလိုပါကြောင်း၊ ယခုစစ်တမ်းကောက်ယူရာတွင် စစ်တမ်းကောက်ယူမှုနည်းစနစ်နှင့် ကောက်ယူ မည့် အိမ်ထောင်စုအရေအတွက်နှင့် နေရာဒေသသတ်မှတ်မှု (sampling method and sample size) တို့သာမက ကောက်ယူမည့် အချိန်၊ စစ်တမ်း ကောက်ယူသူများကို သင်တန်းပေးခြင်း၊ စစ်တမ်းကောက်ယူမှု လုပ်ငန်းစဉ်ကို စောင့်ကြည့်ဆန်းစစ်ခြင်းတို့အားလုံးသည် ဤစစ်တမ်းကောက်ယူမှု အောင်မြင် စေရန် အရေးကြီးသည့် ကဏ္ဍများဖြစ်ပါကြောင်း၊ စစ်တမ်းကောက်ယူရာတွင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ၊ စီမံခန့်ခွဲမှု၊ ထောက်ပံ့ပို့ဆောင်မှု၊ လေ့ကျင့်မှု၊ စစ်တမ်း ကောက်ယူမှုစသည့် ကဏ္ဍများအားလုံးသည် တန်းတူညီမျှအရေးကြီးသည် ဆိုသည့်အချက်ကို အသိအမှတ်ပြုရမည်ဖြစ်ပါကြောင်း၊ ဦးဆောင်ကော်မတီတွင် ပါဝင်သော ဝန်ကြီးဌာန၊ ဦးစီးဌာန အသီးသီးနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ပညာရှင်များအနေဖြင့် အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ ပွင့်လင်းစွာဖြင့် အကြံပြုဆွေးနွေးကြစေလိုပါကြောင်း၊ စစ်တမ်းကွင်းဆင်းကောက်ယူသူများကို လေ့ကျင့်ပေးရာတွင်လည်း ဦးစီးဌာနအသီးသီးနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ပညာရှင်များနှင့် ယခင်စစ်တမ်း ကောက်ယူခဲ့ရာတွင် ပါဝင်ခဲ့သူများကို ထည့်သွင်း ဆောင်ရွက်ခြင်းဖြင့် (၂၀၂၀-၂၁) စစ်တမ်းကောက်ယူမှုမှာ လျင်မြန်ချောမွေ့ပြီး အောင်မြင်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စစ်တမ်းကောက်ယူမှုများ၊ နည်းစနစ် များနှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်တို့တွင် ဟောပြောဆွေးနွေးမှုများ ဆောင်ရွက်စေလိုပါကြောင်း၊ စစ်တမ်းကောက်ယူရာတွင် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများ၊ အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများအနေ ဖြင့် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် အလေးထားကာ စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းရမည်ဖြစ်ပါကြောင်း၊ မှန်ကန်သော သတင်း အချက်အလက်များ ရရှိရေးအတွက် စစ်တမ်းတွင်ပါရှိသော မေးခွန်းများ၏ အရည်အသွေးသည် အလွန်အရေးကြီးပြီး စစ်တမ်းမေးခွန်းများသည် ဖောင်းပွ များပြားခြင်းမရှိဘဲ လိုအပ်သည့် ပမာဏအတိုင်းဖြစ်ရန် အပြန်အလှန် ဆန်းစစ် သုံးသပ်မှုများ ပြုလုပ်စေလိုပါကြောင်း၊ မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေး ဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (၂၀၂၀-၂၁) သည် နိုင်ငံ၏ ရေရှည် အကျိုးအတွက် အရေးကြီးသဖြင့် အားလုံးစုစည်းညီညာစွာဖြင့် ဝိုင်းဝန်း ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ICF အဖွဲ့မှ Survey Manager ဖြစ်သူ Ms. Christina Whang က အမေရိကန်နိုင်ငံမှ Video Conferencing စနစ်ဖြင့် ပြောကြားရာတွင် USAID အဖွဲ့၏ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်းကောက်ယူမှု စီမံကိန်းဖြင့် နိုင်ငံပေါင်း (၉၀) တွင် ဆောင်ရွက်ခဲ့မှု၊မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (၂၀၁၅-၁၆) ကို ကောက်ယူရာတွင် ဆောင်ရွက်ခဲ့မှုများ၊ အဆိုပါ စစ်တမ်းနှင့် ယခု ကောက်ယူမည့် စစ်တမ်းတို့မှ ကွာခြားချက်များ၊ ယခုကောက်ယူမည့် စစ်တမ်း တွင် ပါဝင်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ အကျဉ်းချုံးတင်ပြသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးသတင်းအချက် အလက်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာစန်းဟုန်က စစ်တမ်းကောက်ယူမှုလုပ်ငန်းအဆင့်ဆင့်အတွက် အချိန်ကာလလျာထားချက်များ၊ အကြောင်းအရာ ကဏ္ဍအလိုက် စစ်တမ်းမေးခွန်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးခဲ့မှု၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးခဲ့မှုများ ကို တင်ပြသည်။
ဆွေးနွေးအကြံပြု
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက စစ်တမ်း ကောက်ယူမှုနည်းစနစ်များ၊ စစ်တမ်းကောက်ယူမည့် နမူနာသတ်မှတ်မှု၊ ကောက်ယူမည့်အချိန်၊ စစ်တမ်းကွင်းဆင်းကောက်ယူသူ (enumerator) များကို လေ့ကျင့်ပေးရန်၊ စစ်တမ်းမေးခွန်းတွင် ဖြည့်စွက်သင့်သော အကြောင်းအရာ ကဏ္ဍများ၊ လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းများ၊ မိတ်ဖက်အဖွဲ့အစည်းများက ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းများ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ သုံးသပ် အကြံပေး အစည်းအဝေးများ ပြုလုပ်ရန်အတွက် အစီအစဉ်များနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးအကြံပြုခဲ့ကြသည်။
ဆက်လက်၍ ကျန်းမာရေးသတင်းအချက်အလက်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာစန်းဟုန်က အဓိက ဆွေးနွေးချက်များအား အကျဉ်းချုံးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။ သတင်းစဉ်