
ရန်ကုန် ဇူလိုင် ၁၃
မြန်မာနိုင်ငံအနေဖြင့် အာဆီယံအမွေအနှစ်ဥယျာဉ်များအချင်းချင်း ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေ ရေးနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် သစ်တော ဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများသည် အင်ဒိုနီးရှားနိုင်ငံ Gunung Leuser National Park-GLNP ဥယျာဉ်သို့ ဇွန် ၂၄ ရက်က လေ့လာရေးခရီးစဉ်အဖြစ် လေးရက်တာ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ အာဆီယံအမွေအနှစ်ဥယျာဉ်များ၏ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ပေါကြွယ်ဝမှုကို အာဆီယံဒေသတွင်းနိုင်ငံများအကြား ပိုမိုသိရှိလာ စေရန်၊ အင်ဒိုနီးရှားနိုင်ငံမှ အာဆီယံအမွေအနှစ် ဥယျာဉ်များတွင် အုပ်ချုပ်လုပ်ကိုင်မှုစီမံရေးစနစ် များ၊ ဥယျာဉ်တွင် တရားဥပဒေစိုးမိုးရေးနှင့် Smart နည်းစနစ်ကို ပိုမိုထိရောက်စွာ စနစ်တကျ ချိတ်ဆက် ဆောင်ရွက်မှု၊ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အကြား အာဆီယံအမွေအနှစ်ဥယျာဉ် အဆိုပြုတင်ပြ ခြင်း၊ တည်ထောင်သတ်မှတ်ခြင်း၊ ရေရှည်တည်တံ့ အောင် ထိန်းသိမ်းမှုများနှင့် အားသာချက်၊ အားနည်း ချက်များကို အပြန်အလှန် နှီးနှောဖလှယ်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် အာဆီယံဇီဝမျိုးစုံ မျိုးကွဲဗဟိုဌာန(ASEAN Center for Biodiversity– ACB)၏ ထောက်ပံ့မှုဖြင့် လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ခြင်းဖြစ်သည်။
လေ့လာရေးအဖွဲ့အနေဖြင့် ဆူမားတြားကျွန်း မြောက်ပိုင်းရှိ ကမ္ဘာပေါ်တွင် အကြီးဆုံး မိုးသစ်တော အတွင်း ကျက်စားလျက်ရှိသည့် ဇီဝမျိုးစုံမျိုးကွဲများ အား ထိန်းသိမ်းကာကွယ်ထားခြင်းကို စောင့်ကြည့် လေ့လာခြင်းနှင့် UDIK နည်းပညာဖြင့် သုတေသန ဆောင်ရွက်မှု၊ ဒေသခံများပါဝင်သော ကြားခံနယ်မြေ သစ်တောများ ပြန်လည်တည်ထောင်ခြင်း၊ ပညာပေး ခြင်းနှင့် ရေရှည်တည်တံ့သော သဘာဝအခြေခံခရီးသွားလုပ်ငန်းတိုးတက်ရန် ဒေသခံများ၊ အမျိုးသား ဥယျာဉ်ဝန်ထမ်းများနှင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်မှု၊ အမျိုးသားဥယျာဉ်ပတ်ဝန်း ကျင်ရှိ ဒေသခံအမျိုးသမီးများ၊ လူငယ်များအား ACB-SGP အစီအစဉ်ဖြင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် အလုပ်အကိုင်အခွင့် အလမ်းများ၊ ဝင်ငွေရအခွင့်အလမ်းများ ဖော်ထုတ် ခြင်းဖြင့် အမျိုးသားဥယျာဉ်များအပေါ် မှီခိုမှုလျော့ပါး လာစေပြီး ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမို ပူးပေါင်းပါဝင်ခြင်း စသည်တို့ကို လေ့လာနိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ အာဆီယံအမွေအနှစ် ဥယျာဉ် များတွင် ACB-SGP အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သော တရားဥပဒေစိုးမိုးရေးလုပ်ငန်း၊ ကြားခံနယ်မြေ အတွင်း ဒေသခံပြည်သူအခြေပြု သဘာဝအခြေခံ ခရီးသွားအကောင်အထည်ဖော်ခြင်းလုပ်ငန်း၊ အော်ဂဲ နစ် လယ်ယာဖော်ဆောင်ရေးလုပ်ငန်း၊ ကြားခံ နယ်မြေအတွင်း ပြည်သူအစုအဖွဲ့ပိုင် သစ်တော စိုက်ခင်းလုပ်ငန်းနှင့် ဘေးမဲ့တောပတ်ဝန်းကျင်ရှိ အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေးလုပ်ငန်း တို့နှင့်စပ်လျဉ်း၍ မျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။
GLNP အာဆီယံအမွေအနှစ် ဥယျာဉ်သည် အပူပိုင်းမိုးသစ်တော ဟက်တာတစ်သန်းကျော်ကို ထိန်းသိမ်းကာကွယ်ထားသည့် အမျိုးသားဥယျာဉ် တစ်ခုဖြစ်ပြီး ဆူမားတြားကျား၊ ကြံ့၊ မျောက်ဝံနှင့် ဆင်မျိုးစိတ်အပါအဝင် နို့တိုက်သတ္တဝါ ၁၄၇ မျိုး၊ ငှက်မျိုးစိတ် ၃၈၀ တို့ ကျက်စားလျက်ရှိသည်။ ဆူမား တြား ကျားမျိုးစိတ်သည် ကမ္ဘာပေါ်တွင် ကောင်ရေ ၄၀၀ ခန့်ရှိရာ ထိုဥယျာဉ်တွင် ကောင်ရေ ၂၀၀ ခန့် ကျက်စားလျက်ရှိပြီး ကမ္ဘာပေါ်ရှိ ကြံ့မျိုးစိတ် ငါးမျိုး အနက် ဆူမားတြားကြံ့မျိုးစိတ်မှာ အငယ်ဆုံးမျိုးစိတ် ဖြစ်ရာ ကမ္ဘာပေါ်တွင် ကောင်ရေ ၃၀၀ ခန့်ရှိ၍ ထိုဥယျာဉ်တွင် ၃၅ ကောင်ခန့် ကျက်စားလျက်ရှိသည်။ ကမ္ဘာပေါ်တွင် သစ်ပင်များပေါ်၌ ကျက်စားလေ့ရှိသည့် မျောက်ဝံမျိုးစိတ်တွင် အကြီးဆုံးမျိုးစိတ်ဖြစ်သည့် Orangutans မျိုးစိတ်သည် သက်တမ်း နှစ် ၅၀ ခန့် ရှင်သန်ပြီး ထိုဥယျဉ်တွင် ကောင်ရေ ၆၆၀၀ ကျော် နေထိုင်ကျက်စားလျက်ရှိကာ အဆိုပါ တောရိုင်း တိရစ္ဆာန်များကို ထိန်းသိမ်းကာကွယ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အာဆီယံအမွေအနှစ် အမျိုးသား ဥယျာဉ် ရှစ်ခုရှိပြီး မိုးယွန်းကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ရွှေစက်တော်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် ပုပ္ပားတောင်ဥယျာဉ်တို့အား အာဆီယံ အမွေအနှစ်ဥယျာဉ်များအဖြစ် အဆိုပြုထားကာ အာဆီယံအမွေအနှစ် ဥယျာဉ်များအချင်းချင်း ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေရေးနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရန် ASEAN Center for Biodiversity – ACB နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - (MNP)