မြန်မာနိုင်ငံအပါအဝင် CLMV နိုင်ငံများ၏ ကျန်းမာရေးစနစ်များ ပိုမိုကောင်းမွန်စေရန် ဗြိတိန်နိုင်ငံက ပေါင်စတာလင် ၄ ဒသမ ၈ သန်း ကူညီထောက်ပံ့

မြန်မာနိုင်ငံအပါအဝင် CLMV နိုင်ငံများ၏ ကျန်းမာရေးစနစ်များ ပိုမိုကောင်းမွန်စေရန် ဗြိတိန်နိုင်ငံက ပေါင်စတာလင် ၄ ဒသမ ၈ သန်း ကူညီထောက်ပံ့
=============================================================================================================

နေပြည်တော် စက်တင်ဘာ ၃၀

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတို့၏ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်မှ ပါဝင်တက်ရောက် သည်။

အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်အတွက် အလှည့်ကျ အာဆီယံဥက္ကဋ္ဌတာဝန်ယူသည့် ဗီယက်နမ်နိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Pham Binh Minh က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အစည်းအဝေးသို့ ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဝန်ကြီး Mr. Dominic Raab ၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ အဆင့်မြင့်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြ သည်။

သာတူညီမျှ ခံစားရရှိစေရေး

အစည်းအဝေးတွင် ဝန်ကြီးများက ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ကူးစက်ရောဂါကို ခိုင်မာထိရောက်စွာ ရင်ဆိုင် တုံ့ပြန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် အတူတကွ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အလေးထားဆွေးနွေးခဲ့ကြပြီး ကာကွယ်ဆေးနှင့်ပတ်သက် ၍ ထိရောက်လုံခြုံစိတ်ချမှုရှိစေရေးနှင့် လက်လှမ်းမီသည့် ဈေးနှုန်းဖြင့် အားလုံးသာတူညီမျှ ခံစားရရှိစေရေး ရည်မှန်း ချက်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ကုသဆေးများကို သုတေသနပြု၊ ဖော်စပ်၊ ထုတ်လုပ်၊ ဖြန့်ဖြူးရာတွင် အာဆီယံနိုင်ငံများနှင့် ဗြိတိန်နိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်မှုပိုမိုတိုးတက်ခိုင်မြဲစေရန် ကတိကဝတ် ပြုခဲ့ကြ သည်။ ထို့ပြင် ဝန်ကြီးများက ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများ ရင်ဆိုင်ဖြေရှင်းရာတွင် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန် သဘောတူညီခဲ့ကြပြီး ကူးစက် ရောဂါကြောင့် ထိခိုက်နစ်နာသည့် အခြားတစ်နိုင်ငံရောက် နိုင်ငံသားများ ၎င်းတို့၏နိုင်ငံသို့ ဘေးကင်းလုံခြုံစွာ ပြန်သွား နိုင်ရေးအတွက် အပြန်အလှန်အကူအညီပေးကြရန် အဆင်သင့်ရှိကြောင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် မြှင့်တင်ရေးတို့အတွက် ပေါင် စတာလင် ၄ ဒသမ ၈ သန်း ကူညီထောက်ပံ့ရန် ဗြိတိန်နိုင်ငံ၏ ကတိကဝတ်ပြုခြင်းကို ကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်နိုင်ရေးနှင့် ကုသရေးတို့တွင် မြန်မာအစိုးရအနေဖြင့် တစ်နိုင်ငံလုံး ပါဝင်သည့် ချဉ်းကပ်မှုပုံစံဖြင့် ကိုင်တွယ်ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများကို ရှင်းလင်းအသိပေးခဲ့ပြီး ကူးစက် ရောဂါထိန်းချုပ်ရာတွင်လည်းကောင်း၊ ကူးစက်ရောဂါ ကြောင့် ဖြစ်ပေါ်လာသည့် လူမှုစီးပွားထိခိုက်နစ်နာမှုများ လျော့ပါးသက်သာစေရေးကို ဆောင်ရွက်ရာတွင်လည်း ကောင်း၊ ဆောလျင်စွာ ပြန်လည်နာလန်ထူနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင်လည်းကောင်း ပြည်သူတစ်ရပ် လုံး၏ ပူးပေါင်းပါဝင်မှုမှာ အရေးကြီးကြောင်း၊ မြန်မာအစိုးရ ၏ ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့် ကူညီကယ်ဆယ်ရေးအစီအစဉ် များသည် IDP စခန်းများနှင့် ဝင်ငွေနည်းမိသားစုများ အပါ အဝင် နိုင်ငံတစ်ဝန်းရှိ ထိခိုက်လွယ်မှု အရှိဆုံးဖြစ်သည့် လူမှုအသိုင်းအဝိုင်းများအားလုံးထံသို့ ရောက်ရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း အလေးထားပြောကြားသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မြန်မာအစိုးရ၏ ကိုဗစ်-၁၉ ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် ကူညီပံ့ပိုးမှုများနှင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံရန်ပုံငွေသို့ ပေါင်စတာလင် တစ်သန်း ထည့်ဝင်ရန် စီစဉ်ဆောင်ရွက်မှု များအတွက် ဗြိတိန်နိုင်ငံအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် အာဆီယံနှင့် ဗြိတိန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာရေးကိစ္စနှင့် စပ်လျဉ်း ၍ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဆိုင်ရာ အကျပ် အတည်းနှင့် ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် လူမှုစီးပွားထိခိုက်နစ်နာမှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် အာဆီယံနှင့် ဗြိတိန်နိုင်ငံတို့အကြား အတူတကွ လက်တွဲ ဆောင်ရွက်ကြရန်နှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန် လိုအပ်ကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ တိုက်ဖျက်ရေးသည် နိုင်ငံအားလုံး၏ အရေးအကြီးဆုံးသော ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်သည်နှင့်အညီ ကာကွယ်ဆေး ကို ဆောလျင်စွာ ထုတ်လုပ်နိုင်ရေးနှင့် လက်လှမ်းမီသည့် ဈေးနှုန်းဖြင့် အားလုံးက သာတူညီမျှ ခံစားရရှိနိုင်ရေးမှာ အရေးကြီးကြောင်း အလေးထားပြောကြားသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အတွေ့အကြုံနှင့် အလေ့အကျင့် ကောင်းများ ဖလှယ်နိုင်ရေးအတွက် ဆက်သွယ်ရေးလမ်း ကြောင်းများနှင့် ကုန်သွယ်မှုလမ်းကြောင်းများ ဖွင့်လှစ်ထား ရှိရန်နှင့် ကပ်ရောဂါအလွန်ကာလတွင် ကမ္ဘာကြီးအနေဖြင့် နဂိုမူလ အနေအထားသို့ အလျင်အမြန် ပြန်လည်ရောက်ရှိနိုင် ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် နည်းလမ်းများဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားကြရန် အရေးကြီး ကြောင်း ပြောကြားသည်။

ပါဝင်တက်ရောက်

အစည်းအဝေးအပြီးတွင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတို့၏ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အစည်းအဝေး သဘာပတိ၏ သတင်း ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ အစည်းအဝေး သို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်