
ရန်ကုန် ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီးနှင့် ဟေလုံ ကျန်း ပြည်နယ်တို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းများ စတင်ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ဟေလုံကျန်း ပြည်နယ်အစိုးရ နိုင်ငံခြားရေးရာရုံး ဒုတိယညွှန်ကြား ရေးမှူးချုပ် Mr.Li Shengbin က ဇွန် ၁၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ Times City အမှတ် ၂၊ China Enterprises Chamber of Commerce in Myanmar၏ ရုံးခန်းမ၌ ကျင်းပသည့် မြန်မာ နိုင်ငံဆိုင်ရာ ဟေလုံကျန်း ကုန်သည်ကြီးများ အသင်းချုပ် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြား သည်။
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ ၏ စီးပွားရေးမြို့တော်ကြီးဖြစ်ပြီး နိုင်ငံတကာနှင့် ချိတ်ဆက်နိုင် သည့် ပင်လယ်ဆိပ်ကမ်းမြို့ကြီးလည်းဖြစ်ကြောင်း၊ ဆန်စပါးနှင့် ပဲမျိုးစုံကို အဓိကစိုက်ပျိုးပြီး အခြားသီးနှံများကိုလည်း စိုက်ပျိုး ကြောင်း၊ကုန်သွယ်မှုပြုလုပ်မည် ဆိုပါက ဆန်နှင့်ပဲအမျိုးမျိုးကို ကုန်သွယ်မှု ပြုလုပ်လိုကြောင်း ဒုတိယ ညွှန်ကြားရေးမှူးချုပ်ကဆက်လက်ပြောသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံအမတ်ကြီး Mr. Chen Hai ၊ ဟေလုံကျန်း ပြည်နယ်အစိုးရ နိုင်ငံခြားရေးရာ ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Li Shengbin၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာ ဗျူဟာ လေ့လာရေးနှင့် လေ့ကျင့် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ ဟေလုံကျန်းကုန်သည်ကြီး များအသင်းချုပ်ဥက္ကဋ္ဌ မစ္စတာ WU Yutong(ခ)ဦးစိုင်းဇော်ထွန်း လင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်ကြီးများ ကိုယ်စားလှယ်ကြီးများ တက် ရောက်ကြသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဟေလုံကျန်း ကုန်သည်ကြီးများ အသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမှာစကား ပြောကြားကြသည်။ ထို့နောက် မြန်မာ - တရုတ် နှစ်နိုင်ငံ စီးပွားရေး ကုန်သွယ်မှုအသင်းချုပ် ရုံးဆိုင်းဘုတ်ကို ဟေလုံကျန်း ပြည်နယ်အစိုးရ နိုင်ငံခြားရေးရာ ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ဟေလုံကျန်း ကုန်သည်ကြီးများ အသင်းချုပ် ဥက္ကဋ္ဌနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင် ကြီးများက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အာကာလင်း