
ရက်စွဲ - ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၉) ရက်
၁။ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ လယ်ယာထွက်ကုန် ပြည်ပတင်ပို့သည့် လုပ်ငန်းများ၊ လယ်ယာထွက်ကုန်များကို အခြေခံ သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို အဓိကလုပ်ကိုင်ဆောင်ရွက်နေကာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးတို့ကို တစ်ထောင့်တစ်နေရာမှ အကျိုးပြု နေပါသည်။ တောင်သူလယ်သမားများနှင့် ပုဂ္ဂလိကလယ်ယာစီးပွား ရေးလုပ်ငန်းများအားလုံးသည် ဘဏ်လုပ်ငန်းများ၏ လယ်ယာသားငါး ထုတ်လုပ်ရေးအတွက် ချေးငွေများ၊ ကျေးလက်ဖွံ့ဖြိုးရေးချေးငွေများ၊ အသေးစားချေးငွေများအပါအဝင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ရယူ၍ လုပ်ငန်းများကို ဆောင်ရွက်နေရခြင်းဖြစ်ပါသည်။
၂။ ဆန်စပါးနှင့် စားနပ်ရိက္ခာ ထုတ်လုပ်တင်ပို့ရောင်းချမှု အတွက် နိုင်ငံတကာမှ ဖွံ့ဖြိုးရေးမိတ်ဖက်များ၊ စီးပွားရေးမိတ်ဖက်များ နှင့် ပူးပေါင်းဆောင်ရွက်နေရပြီး နိုင်ငံတကာဘဏ်များနှင့် ကုန်သွယ်မှု ဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ငွေပေးချေမှုများ၊ ငွေလွှဲမှုများကို နိုင်ငံတကာဘဏ်လုပ်ငန်း စံချိန်စံနှုန်းများ၊ စနစ်များနှင့်အညီ လိုက်နာ ဆောင်ရွက်နေကြပါသည်။ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုတိုက်ဖျက် ရေး အပါအဝင် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆန့်ကျင်သော ငွေကြေးလုပ်ငန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှု ဖြင့် ဘဏ်များမှ ထိရောက်စွာစိစစ်ခြင်း၊ တားမြစ်အရေးယူခြင်းနှင့် လိုက်နာလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်နေ သည်ကိုလည်း တွေ့ရှိရပါသည်။ နိုင်ငံတကာမှ လယ်ယာထွက်ကုန် ဝယ်ယူသူ (Buyer) များ၏ နိုင်ငံတကာဘဏ်များသည်လည်း မြန်မာနိုင်ငံရှိ ဘဏ်များနှင့် နိုင်ငံတကာဘဏ်လုပ်ငန်း၏ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျပူးပေါင်းဆောင်ရွက်လျက်ရှိပါ သည်။
၃။ သို့ဖြစ်၍ မြန်မာနိုင်ငံရှိ ဘဏ်များ၊ မြန်မာနိုင်ငံနှင့် ဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်နေသော နိုင်ငံတကာဘဏ်များကို အရေးယူရန် တောင်းဆိုတိုက်တွန်းမှုများသည် ပြည်သူအများစု မှီခိုနေသည့် လယ်ယာကဏ္ဍနှင့် စားနပ်ရိက္ခာဖူလုံမှု၊ စားနပ်ရိက္ခာ ထုတ်လုပ်မှုလုပ်ငန်းများကို ထိခိုက်နစ်နာစေရန် ဦးတည်သကဲ့သို့ ဖြစ်ပါမည်။ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဘဏ်လုပ်ငန်းများ တည်ငြိမ်ကောင်းမွန်ရေးကို ရှေးရှုပြီး မှန်ကန်သောမြေပြင်အခြေအနေ၊ တိကျခိုင်လုံသော အချက်အလက်များ၊ လက်တွေ့ဆောင်ရွက်နေမှု အခြေအနေများကို လေ့လာသုံးသပ်လျက် အပြုသဘောဖြင့်သာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လုပ်ဆောင်သင့်ပါကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ သဘောထားကို ထုတ်ပြန်အပ်ပါ သည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်