မြန်မာနိုင်ငံမှ နာမည်ကျော်တံတားများ

Type
၁

ဆောင်းပါး

=======

 

မြန်မာနိုင်ငံမှ နာမည်ကျော်တံတားများ

=============================

 

ခရမ်းစိုးမြင့်

 

မြန်မာနိုင်ငံ၌ တံတားများကို မြန်မာဘုရင်များလက်ထက် ကတည်းက တည်ဆောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရ သည်။ အထောက်အထားများအဖြစ် ခရစ်နှစ် ၁၄၄၄ ခုနှစ် ကုန်းဘောင်မင်းခေတ်က အရှည်ပေ ၃၉၀၀ ရှိသော စစ်ကိုင်းအင်းဝတံတားကြီးကို တွေ့နိုင်သည်။

 

ထို့အပြင် ယနေ့အထိ မြန်မာပြည်တွင်သာမက ကမ္ဘာမှာပါကျော်ကြားသည့်တံတားနှစ်စင်း တည်ရှိဆဲ ဖြစ်သည်။ ယင်းတို့မှာ အမရပူရခေတ်ကတည်းက တည်ဆောက်ခဲ့သော ဦးပိန်တံတားနှင့် အင်္ဂလိပ်ခေတ်က ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တွင် တည်ဆောက်ထားခဲ့ သော ဂုတ်တွင်းတံတားတို့ဖြစ်သည်။

 

ဦးပိန်တံတားသည် မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ် ပုဂံမင်း လက်ထက် အမရပူရမြို့ဝန် ဘိုင်ဆပ်၏တပည့် မြို့စာရေး ဦးပိန်က တည်ဆောက်ခဲ့သောကြောင့် ဦးပိန်တံတားဟု အမည်တွင်ခဲ့သည်။ မြို့စာရေးဦးပိန်သည် မိုးတွင်းကာလ တောင်သမန်တစ်ဆယ့်နှစ်ရပ်မှ လူအများသွားလာလွယ် ကူရေးအတွက် စစ်ကိုင်း၊ အင်းဝနန်းတော် အိမ်တော်များမှ သစ်သားဟောင်းများကို ဘုရင့်ထံလျှောက်ပြီး ရရှိသမျှနှင့် အခြေတည်ဆောက်လုပ်ခြင်းဖြစ်ရာ ယနေ့တိုင် တံတား ကြီးမြင်ကွင်းက မြန်မာမှုကို ဆွဲဆောင်ပြသနေဆဲရှိသည်။

 

တံတားကို ဆောက်လုပ်ရာတွင် နှစ်နှစ်မျှ ကြာမြင့်ခဲ့ သည်ဟု သိရသည်။ မြန်မာအင်ဂျင်နီယာပညာရှင်တို့က စကေးမှန်ချိန်မပါဘဲ ခြေလှမ်းဖြင့်တိုင်းတာ၍ ဆောက်ခဲ့ သော မြန်မာမှုတံတားကြီး ဖြစ်သည်။ လှိုင်းဒဏ်၊ လေဒဏ် ခံနိုင်အောင် ဖြောင့်တန်းစွာ မဆောက်ဘဲ တောင်ဘက်သို့ ဦးမော့ကွေ့ဝိုက်ကာ ကျင်တွယ်ပုံသဏ္ဌာန်ဆောက်လုပ် ထားသည်။ ဦးပိန်တံတားကြီး၏ တိုင်ပေါင်းကို ရှေးခေတ် မှတ်တမ်းအရ ၉၄၈ တိုင်ရှိသည်ဟု မှတ်သားရသည်။

 

ခေတ်ကာလရွေ့လျားလာသဖြင့် တံတားကြီးကို အရှေ့ထိပ်၊ အနောက်ထိပ် ပြုပြင်တည်ဆောက်ခဲ့ရသလို ရေလယ်ဇရပ်များကို ပြုပြင်တည်ဆောက်ခဲ့ရသည်။ ဇရပ်လေးဆောင်မှ တိုင်များပါပေါင်းလျှင် တိုင်ပေါင်း ၁၀၈၆ တိုင် ရှိသည်။ အခန်းပေါင်း ၄၈၂ ခန်း၊ တံတားအရှည် ၃၉၆၇ ပေ ရှည်လျားသည်။ ယခုဆိုလျှင် နှစ်ပေါင်း ၁၇၀ သက်တမ်းရှိပြီဖြစ်သည့် ဦးပိန်တံတားကြီးသည် အမရပူရ ရှေးဟောင်းမြို့တော်၏ အမှတ်သင်္ကေတအဖြစ် ရပ်တည် လျက်ရှိသည်။

 

နောက်ထပ် ကမ္ဘာကျော်တံတားတစ်စင်းမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်းရှိ ဂုတ်တွင်းတံတား ဖြစ်သည်။ ဂုတ်တွင်းတံတားမှာ တစ်လမ်းသွားမီးရထားတံတားဖြစ်ပြီး အရှည်ပေ ၂၂၆၀ ရှိသည်။ ၂၈-၄-၁၈၉၉ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ ပြီး ၁-၁-၁၉၀၀ ရက်နေ့တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးခဲ့သော တံတား များအနက် ကားလမ်းသာမက မီးရထားလမ်းပါ ထည့် သွင်းတည်ဆောက်ထားသည့် တံတားများ အများအပြား ရှိသည်။ ယင်းတို့အနက် ပထမဆုံး တည်ဆောက်ထားသည့် တံတားမှာ ဧရာဝတီမြစ်ပေါ်မှ အင်းဝတံတားဖြစ်ပြီး ယနေ့ တိုင် အသုံးပြုလျက်ရှိသည်။

 

အခြားမီးရထားနှင့် ကားလမ်းပါတံတားများမှာ စစ်တောင်းမြစ်ပေါ်မှ စစ်တောင်းတံတား၊ ရန်ကုန်- သန်လျင်တံတား၊ ဆင်ဖြူရှင်တံတား၊ သံလွင်တံတား (မော်လမြိုင်)၊ ညောင်တုန်းတံတား၊ ဧရာဝတီတံတား (ပခုက္ကူ)၊ ဧရာဝတီတံတား(မလွန်) စသည်တို့တွင် မီးရထား လမ်းနှင့် ကားလမ်းများ ထည့်သွင်းတည်ဆောက်ခဲ့သော တံတားများဖြစ်သည်။

 

မြန်မာနိုင်ငံအတွင်းရှိ တံတားများကို လမ်းလုပ်ငန်း အဖွဲ့၏ လက်အောက်ခံအဖွဲ့အစည်းများက တည်ဆောက် ခဲ့ခြင်းဖြစ်သော်လည်း ခေတ်ကာလအားလျော်စွာ ဝန်ကြီး ဌာနများ၏ အမည်ပြောင်းလဲခဲ့သလို ဦးစီးဌာန၏ အမည် များသည်လည်း ပြောင်းလဲခဲ့သည်။ ပြည်သူ့လုပ်ငန်းကော်ပို ရေးရှင်း(ပလက)၊ ဆောက်လုပ်ရေးကော်ပိုရေးရှင်း(ဆလက)၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း(ပဆင)အဖြစ် ခေတ်စနစ်၏လိုအပ်ချက်အရ ပြောင်းလဲဖွဲ့စည်းခဲ့ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။

 

၁၉၈၈ ခုနှစ်နောက်ပိုင်း ဧရာဝတီ၊ ချင်းတွင်း၊ သံလွင် မြစ်ကြီးများ၌ တံတားကြီးငါးစင်း တည်ဆောက်ရန် စီမံ ကိန်းကြီးများ ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့သည်။ ၎င်းနောက် ၁၉၈၉ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ပြည်သူ့ဆောက် လုပ်ရေးလုပ်ငန်းအဖြစ် ဖွဲ့စည်းပြီး ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဦးဆောင်ညွှန်ကြားရေးမှူး၏ စီမံ အုပ်ချုပ်မှုဖြင့် တံတားလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် တံတားဦးစီးဌာနအဖြစ် ဦးစီးဌာနအသစ် ဖွဲ့စည်းခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ အရာထမ်း၊ အမှုထမ်းများဖြင့် ရုံးချုပ်ဌာနခွဲများ၊ တံတားတည်ဆောက်ရေးအဖွဲ့ လေးဖွဲ့၊ တံတားအထူးအဖွဲ့ ၁၆ ဖွဲ့ဖြင့် တံတားများတည်ဆောက်ရေးနှင့် ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

 

မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ အဓိက မြစ်ကြီးများဖြစ်သော ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း မြစ်ကြီးလေးသွယ်ပေါ်၌ တည်ဆောက်ပြီးသည့် တံတားများမှာ ဧရာဝတီမြစ်ကြီးပေါ်၌ ၁၄ စင်း၊ ချင်းတွင်း မြစ်ပေါ်၌ တည်ဆောက်ပြီး သုံးစင်း၊ တည်ဆောက်ဆဲ နှစ် စင်း၊ သံလွင်မြစ်ပေါ်၌တည်ဆောက်ပြီး ကိုးစင်း၊ စစ်တောင်း မြစ်ပေါ်၌ တည်ဆောက်ပြီးတံတား ငါးစင်းတို့ဖြစ်သည်။

 

ချစ်ကြည်ရေးတံတားများဖြစ်သည့် ၂၉၃ ပေရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)၊ ပေ ၃၀၀ ရှိ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)၊ ၂၂၆၉ ပေရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတား၊ ၇၈၉ ဒသမ ၈ ပေရှိ ကွမ်းလုံတံတား၊ ၉၃၅ ပေရှိ သာကေတတံတား၊ ၇၀၅၆ ပေရှိ ရန်ကုန်-သန်လျင်တံတားအမှတ်(၁)တံတားတို့ကို လည်း တည်ဆောက်ခဲ့ပြီး ယခု သန်လျင်တံတားအမှတ်(၃) ဒလ-ရန်ကုန်တံတားတို့ကို တည်ဆောက်ဆဲဖြစ်သည်။

 

မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးခဲ့သည့်တံတားကြီးများတွင် မြန်မာနိုင်ငံ၏ရေမြေအခြေအနေအရ အထင် ကရနှင့် Land Mark ဖြစ်ခဲ့သည့်တံတားများစွာ ရှိသည်။ ဒီဇိုင်းပုံစံ၊ တည်ဆောက်မှုနည်းစနစ်များနှင့် အချိန် ကာလအရ ထူးခြားစွာတည်ဆောက်ခဲ့သည့်တံတား များကို ကောက်နုတ် ဖော်ပြရလျှင်-

(က) သာကေတတံတား (၉၃၃)ပေ

(ခ) ကမျောကင်းတံတား (၁၁၀၀)ပေ

(ဂ) ဧရာဝတီတံတား(ရတနာပုံ) (၅၆၁၄)ပေ

(ဃ) ဧရာဝတီတံတား(ပခုက္ကူ) (၁၃၅၃၇)ပေ

(င) မြစ်သာတံတား (ကလေးဝ) (၁၃၂၀)ပေ

(စ) လိန်းလီကြိုးတံတား (၁၇၆၀)ပေ

(ဆ) အောင်ဇေယျတံတား (၃၇၈၆)ပေ

(ဇ) မဟာဗန္ဓုလတံတား (၃၆၄၃)ပေ

(ဈ) သံလွင်တံတား (မော်လမြိုင်) (၁၁၅၇၅)ပေ

(ည) ဗိုလ်ချုပ်အောင်ဆန်းတံတား

(ဘီလူးကျွန်း) (၅၂၀၄)ပေ

တို့ဖြစ်သည်။

 

တံတားဦးစီးဌာနက အဆင့်မြင့်နည်းပညာများ ရရှိစေရန် နှင့် နည်းပညာများမျှဝေခြင်း ဆောင်ရွက်နိုင်ရန် နိုင်ငံတကာအကူအညီ၊ ချေးငွေအကူအညီများ၊ မိတ်ဖက် အဖွဲ့အစည်းများ၏ အကူအညီများဖြင့် တံတားစီမံကိန်း များအား နိုင်ငံတော်၏ပင်မစီမံကိန်းများကို ဆောက်လုပ် ရေး ဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းတင်ပြလိုက်ရပါသည်။ ။