
နေပြည်တော် ဩဂုတ် ၂၄
မြန်မာနိုင်ငံရှိ မီဒီယာနှင့် ရွေးကောက်ပွဲ များ ခေါင်းစဉ်ဖြင့် အဋ္ဌမအကြိမ် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော် ရှိ Parkroyal ဟိုတယ်၌ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှ ထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်နှင့် ကောင်စီဝင်များ၊ UNESCO, IMS Fogo, Internews, JICA , MYPOL, DW Akademie, BBC Media Action နှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြပြီး Zoom ဗီဒီယိုကွန်ဖရင့်ဖြင့် နိုင်ငံခြားသံရုံး များမှ တာဝန်ရှိသူများ၊ ယူနက်စကိုနှင့် NGO/INGO တို့မှ တာဝန်ရှိသူများ၊ ပြည်တွင်း ပြည်ပသတင်းမီဒီယာများ၊ စိတ်ပါဝင်စားသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ယူနက်စကို ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်ဌာနမှ Assistant Director General, Mr.Moez Chakchouk က လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးသည် မဲပေးခွင့် တစ်ခုတည်းတင် မဟုတ်ပါကြောင်း၊ ဒီမိုကရေစီစနစ် အကောင်အထည် ဖော်ရာတွင် ရွေးကောက်ပွဲ၌ အများ ပြည်သူ ပါဝင်ခွင့်၊ သတင်းအချက် အလက် ရရှိခွင့်၊ ရရှိသော သတင်း အချက်အလက်များ အပေါ်တွင် ပြည်သူများအနေဖြင့် ဆုံးဖြတ်ပိုင်ခွင့် ရရှိရန် လိုအပ်ပါကြောင်း၊ ပြည်သူများ အနေဖြင့် ပါဝင်ဆွေးနွေးခွင့်လည်း ရရှိရန် လိုအပ်ပါကြောင်း ပြောကြား သည်။
ရွေးကောက်ပွဲကို အထောက်အကူပြု
ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက အဖွင့် အမှာစကား ပြောကြားရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် လာမည့် နိုဝင်ဘာ ၈ ရက်တွင် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပ မည်ဟု ကြေညာထားပြီး ဖြစ်ပါ ကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် စံ ၅ ချက်နှင့်အညီ ကျင်းပသွားမည်ဟု ကတိပေးထားပြီး လွတ်လပ်မှု၊ တရား မျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများ ယုံကြည်လက်ခံမှုနှင့် ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်း ကျရေးဆိုသည့် အချက် ၅ ချက် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီနိုင်ငံများ တွင် ရွေးကောက်ပွဲသည် အရေးကြီး သည့်ကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ထို့အတူ ရွေးကောက်ပွဲဆိုင်ရာ အသိ ပညာများကို ပြည်သူများ သိရှိ နားလည်မှသာ လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲကိုအထောက် အကူပြုနိုင်မည်ဖြစ်ပါကြောင်း။
ထို့ကြောင့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများ၊ မဲဆန္ဒရှင်များ လိုက်နာရ မည့်အချက်များ၊ မဲဆွယ်စည်းရုံးရေး ကာလတွင် နိုင်ငံရေးပါတီများလိုက်နာ ရမည့် စည်းကမ်းများကို ရေးဆွဲ ထားပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဝက်ဘ် ဆိုက်တွင် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို တင်ပြလျက် ရှိပါကြောင်း၊ ထို့အတူ သတင်းမီဒီယာ ကောင်စီနှင့် ပူးပေါင်း၍ သတင်း ထုတ်ပြန်ရေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့်ဖြစ်စေရန် ဆောင်ရွက်နေ ပါကြောင်း၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ ဂီတအစည်း အရုံးနှင့် ပူးပေါင်း၍ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် အသိပညာပေး သီချင်း များ၊ ဇာတ်လမ်းတိုများကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ မဲဆွယ် စည်းရုံးရေး ကာလ နီးကပ်လာပြီ ဖြစ်သည့်အတွက် အမုန်းစကားများ၊ သတင်းတုများ၊ သတင်းမှားများကြောင့် ပဋိပက္ခ များ မဖြစ်ပေါ်စေရန် သတင်းမီဒီယာ ကောင်စီနှင့် ဖေ့စ်ဘွတ်အဖွဲ့တို့ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မီဒီယာဖွံ့ဖြိုး တိုးတက်ရေးညီလာခံများ ကျင်းပခဲ့ သည်မှာ ၈ကြိမ်ရှိခဲ့ပြီး မီဒီယာဖွံ့ဖြိုး မှုနှင့် ပတ်သက်သည့် ခေါင်းစဉ်များစွာ ကို ဆွေးနွေးခဲ့ပါကြောင်း၊ ၈ နှစ်တာ ကာလအတွင်း မြန်မာ့မီဒီယာလောက သည် အစဉ်တစိုက် ဖွံ့ဖြိုးတိုးတက် ခဲ့သည်ဟု မိမိအနေဖြင့် ထင်မြင် ပါကြောင်း၊ စာပေစိစစ်ရေးစနစ် ရုပ်သိမ်းခဲ့ပြီး နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေလာနိုင် ကြောင်း၊ မီဒီယာအသင်းအဖွဲ့များ၊ ထို့နောက် သတင်းမီဒီယာကောင်စီ တို့ ပေါ်ပေါက်လာကြောင်း၊ မီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ အယူအဆများ ထွန်းကားလာပြီး မီဒီယာဆိုင်ရာ ဆွေးနွေးပွဲများ၊ သင်တန်းများ များစွာ ပေါ်ပေါက်ခဲ့ပါကြောင်း၊သတင်းမီဒီယာ ဥပဒေ ရေးဆွဲရာတွင်လည်း မီဒီယာ သမားများကိုယ်တိုင် ပါဝင်ဆောင် ရွက်ခွင့်ရလာခဲ့ပါကြောင်း၊ မဏ္ဍိုင် လေးရပ် ဆွေးနွေးပွဲများ၊ ဌာနပေါင်းစုံ သတင်းစာရှင်းလင်းပွဲများသည် အစဉ် အလာကဲ့သို့ ဖြစ်လာပါကြောင်း။
လေးလေးနက်နက်
ဆောင်ရွက်ကြစေလို
မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်းစားရာ၌ ကမ္ဘာတွင် ဖြစ်ပေါ်နေ သည့် မီဒီယာဆိုင်ရာ နည်းပညာ ပြောင်းလဲတိုးတက်မှုများ အကြောင်း ကိုလည်း အလေးအနက်ထားဆွေးနွေး သင့်ပါကြောင်း၊ ကမ္ဘာတွင် မီဒီယာနှင့် ဆိုင်သည့် နည်းပညာအသစ်များကို မိမိတို့အနေဖြင့် ပြောင်းလဲသုံးစွဲကာ မီဒီယာဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် သင့်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်မီဒီယာအသစ်များ စနစ် တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေးလေးနက်နက် ဆွေးနွေးဆောင် ရွက်ကြစေလိုပါကြောင်း။
မိမိတို့၏ မျှတ၍ ဘက်မလိုက် သည့် သတင်းဖော်ပြမှုများ၊ သတင်း မီဒီယာအဖွဲ့အစည်း အသီးသီး၏ ပိုမိုပြည့်စုံသည့် ရှုထောင့်အသီးသီးမှ ဖော်ပြမှုများနှင့် ပေါင်းစပ်သည့် အခါ အများပြည်သူသည် ရွေးကောက်ပွဲ နှင့် ပတ်သက်သည့် သတင်းအချက် အလက်များ ပြည့်ပြည့်စုံစုံ ရရှိ သွားမည်ဖြစ်ပါကြောင်း၊ အမုန်းစကား ဖြန့်ဝေခြင်းများ မပေါ်ပေါက်စေရန် ထိန်းသိမ်းကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
ပြည်သူ့ထံမှ ဆင်းသက်လာ
ယင်းနောက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ ဦးအုန်းကြိုင်)က မြန်မာ မီဒီယာလောက ဖွံ့ဖြိုးရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် မိမိတို့ သတင်းမီဒီယာသမားများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် များစွာအောင်မြင် တိုးတက်လာပါကြောင်း၊ မြန်မာနိုင်ငံ သည် ဒီမိုကရေစီအသွင်ကူးပြောင်း နေသည့် နိုင်ငံတစ်ခုဖြစ်ပြီး အချုပ် အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်လာပါကြောင်း၊
လာမည့် ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီတို့သည် ကြိုတင်၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ဂျွန်နေလ်ဆင်က လာမည့်ရွေးကောက် ပွဲသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် မတူညီသည် များ ရှိနိုင်ပါကြောင်း၊ လာမည့် ရွေးကောက်ပွဲသည် ကိုဗစ်ကာလ ဖြစ်နေပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ တွင် ဖေ့စ်ဘွတ်သုံးစွဲမှု များပြားနေ သည်ကိုလည်း တွေ့ရပါကြောင်း၊ ထိုအချက်များကို ရွေးကောက်ပွဲနှင့် ပတ်သက်၍ စဉ်းစားရာတွင် ထည့် သွင်း စဉ်းစားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနား အပြီးတွင် ရွေးကောက်ပွဲတွင် မီဒီယာ၏ အခန်း ကဏ္ဍ - ၂၀၁၀ ၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲများမှ နှိုင်းယှဉ် ချက်နှင့် ရရှိခဲ့သော သင်ခန်းစာများ ခေါင်းစဉ်ဖြင့် မျက်နှာစုံညီဆွေးနွေးပွဲ ကို ဆက်လက်ကျင်းပရာ AFP သတင်း ဌာနမှ နိုင်ငံခြားသတင်းထောက် ဒေါ်လှလှဌေးက ညှိနှိုင်းရေးမှူး အဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်၊ မြန်မာနိုင်ငံသတင်း မီဒီယာ ကောင်စီအဖွဲ့ဝင် ဒေါ်အိအိတင်၊ Zoom ဗီဒီယိုကွန်ဖရင့်ဖြင့် ယူနက်စကို ရုံးချုပ် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်ဌာနမှ Program Specialist Mr. Andrea Cairola နှင့် လွတ်လပ်သော ရွေးကောက်ပွဲများ အတွက် အာရှကွန်ရက် (ANFREL)မှ စီမံကိန်းအရာရှိ Mr.John Reiner Antiquerra တို့က ပါဝင်ဆွေးနွေး ကြသည်။
ဆွေးနွေးပွဲအပြီးတွင်ရွေးကောက် ပွဲဆိုင်ရာ သတင်းအချက်အလက်များ နှင့် စပ်လျဉ်း၍ အွန်လိုင်းမှမေးမြန်း ထားသည့် မေးခွန်းများကို မျက်နှာစုံညီ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများ က ရှင်းလင်းဖြေကြားကြသည်။
အဋ္ဌမအကြိမ် မီဒီယာဖွံ့ဖြိုး တိုးတက်ရေးညီလာခံကို ဩဂုတ် ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ် ပြီး ရွေးကောက်ပွဲများနှင့် သတင်း ထောက်များ၏ ဘေးကင်းလုံခြုံ ရေး၊ ရွေးကောက်ပွဲကာလများအတွင်း ကျင့်ဝတ်ဆိုင်ရာ လက်တွေ့ကျင့်သုံးမှု များနှင့် စည်းစောင့်မှု၊ ဆိုရှယ်မီဒီယာ ခေတ်အတွင်းမှ ရွေးကောက်ပွဲများ၊ တိုင်းရင်းသားဒေသ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ရွေးကောက်ပွဲ ဆိုင်ရာ သတင်းများ၊ စိန်ခေါ်မှုများနှင့် ဖြေရှင်းခဲ့မှုများဟူသည့် ခေါင်းစဉ် များကို ဆွေးနွေးသွားကြမည်ဖြစ် ကြောင်း သိရသည်။ သတင်းစဉ်