
မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက ဆောက်လုပ်လှူဒါန်းသည့် နေပြည်တော်ကလေးပြုစုရေးဌာနအဆောက်အအုံ လွှဲပြောင်းပေးအပ်
============================================================
နေပြည်တော် စက်တင်ဘာ ၉
မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက ဆောက်လုပ်လှူဒါန်း သည့် နေပြည်တော် ကလေးပြုစုရေးဌာန အဆောက်အအုံကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်း က အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အဆိုပါအစီအစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေး နှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အခွင့်အရေး လေးမျိုး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို အာမခံနိုင်သော စစ်မှန်သည့် ဒီမိုကရေစီအစိုးရတစ်ရပ်ဖြစ်ပေါ်ရေး ကြိုးပမ်း လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနက ကလေးသူငယ်ဘဝ မှစ၍ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းသည် ယခုအစိုးရ၏ ငါးနှစ်တာကာလ အတွင်း ပြည်သူများခံစားရရှိနေသော အောင်မြင်မှုတစ်ရပ် ဖြစ်ကြောင်း၊ လူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို ဖော်ဆောင်ရာတွင် အဓိကကျသော အခန်းကဏ္ဍအနေဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုနိုင်ပါကြောင်း၊ ကလေး သူငယ်များတွင် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့်အရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ခွင့်ဟူ၍ အခွင့်အရေး လေးမျိုးရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် အစောင့်အရှောက်ခံ ပိုင်ခွင့်များကို အာမခံနိုင်သော မူဝါဒအသစ်များ၊ ဥပဒေ အသစ်များ ချမှတ်ထားပြီး အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် အရပ်ဘက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဌာနအခြေပြုအနေဖြင့် ကလေးပြုစုရေးဌာနများ၊ သင်တန်း ကျောင်းများ ဖွင့်လှစ်၍လည်းကောင်း၊ ရပ်ရွာအခြေပြု အနေဖြင့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကတည်ထောင်ဖွင့်လှစ်ထားသော ပရဟိတဂေဟာများအား ငွေကြေးနှင့် နည်းပညာအကူအညီများ ထောက်ပံ့ခြင်း၊ အနိမ့်ဆုံးရှိရမည့် စံသတ်မှတ်ချက်များကို ချမှတ်ပေးခြင်း များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးငယ် များ၏ အကောင်းဆုံးအကျိုးစီးပွားအတွက် မိသားစု စောင့်ရှောက်မှုနှင့် ရပ်ရွာအတွင်း စောင့်ရှောက်မှုတို့သည် အသင့်တော်ဆုံးဖြစ်သော်လည်း ယခုအခါ၌ မြန်မာနိုင်ငံတွင် ကာကွယ်စောင့်ရှောက်ရန်လိုအပ်နေသည့် ကလေးအရေ အတွက်များ မြင့်တက်လျက်ရှိကြောင်း၊ ကာကွယ်စောင့်ရှောက် ရန်လိုအပ်သော မွေးကင်းစမှအသက် ၁၀ နှစ်အရွယ်အထိ ကလေးငယ်များကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ကလေးပြုစုရေးဌာန ခုနစ်ခုကို ဖွင့်လှစ်၍ လက်ခံစောင့်ရှောက်ပေးလျက်ရှိကြောင်း၊ သို့သော်လည်း စောင့်ရှောက်ခံပိုင်ခွင့်ရှိသည့် ကလေးအရေ အတွက်နှင့် မျှတသောဌာနအရေအတွက် မရှိသေးကြောင်း။
ဖွဲ့စည်းနိုင်ခဲ့
ယခုအစိုးရလက်ထက်တွင် အမျိုးသမီးများရပ်တည် မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖြစ် အစိုးရယန္တရားတစ်ရပ်အဖြစ် ဖွဲ့စည်းနိုင်ခဲ့ ပြီး ဌာနဆိုင်ရာများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နေပြည်တော် ကလေးပြုစုရေးဌာနကို ဆောက်လုပ် ၍ ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သော မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းသည်လည်း အစိုးရနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အရပ်ဘက်အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ ဤအဖွဲ့သည် တစ်ကိုယ်ရေမိခင်များ၊ စွန့်ပစ် ခံရသည့် ကလေးငယ်များ လျော့နည်းရေးနှင့် ကာကွယ်ခြင်း၊ စောင့်ရှောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် ဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုနေပြည်တော်တွင် အဆင့်မြင့် ကလေးပြုစုရေးဌာန အဆောက်အအုံတစ်ခု တည်ဆောက် နိုင်ခဲ့ပြီး ဝန်ကြီးဌာနသို့ ယနေ့ လွှဲပြောင်းပေးအပ်ခြင်းသည် အစိုးရကဆောင်ရွက်နေသော အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ် များ ပြုစုပျိုးထောင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များနှင့် ကိုက်ညီသဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
စနစ်တကျပြုစုနိုင်ရေး
ဆက်လက်၍ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းက မိမိတို့အသင်းကြီးမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ကလေးသူငယ်များအား စနစ်တကျပြုစု စောင့်ရှောက် နိုင်ရေးအတွက် လိုအပ်နေသည့် အဆောက်အအုံကို လှူဒါန်းခွင့်ရခဲ့သည့်အတွက် အထူးဝမ်းမြောက်မိပါကြောင်း၊ တစ်နည်းအားဖြင့် အသင်း၏ရည်ရွယ်ချက်ဖြစ်သည့် ရင်ခွင်မဲ့ကလေးငယ်များ ကာကွယ်စောင့်ရှောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့်အတွက် ဝမ်းသာရပါကြောင်း၊ ယခုကဲ့သို့ အဆောက်အအုံဖြစ်မြောက် အောင် ပံ့ပိုးလှူဒါန်းပေးခဲ့သည့် အလှူရှင်များ၊ လုပ်အားနှင့် ပါဝင်ပေးခဲ့သည့်အသင်းကြီး၏ အလုပ်အမှုဆောင်အဖွဲ့ဝင် များနှင့် အထောက်အကူပြုအဖွဲ့ဝင်များ၊ စေတနာရှေ့ထား ပြီး ကူညီပေးသည့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အဆောက်အအုံဆောက်လုပ်ရေး ကော်မတီဝင်များ၊ နေပြည်တော် ကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း နှင့်တကွ အားလုံးကို ကျေးဇူးတင်ပါကြောင်း ပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ က နေပြည်တော် ကလေးပြုစုရေးဌာနနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ် ရာ ဒုတိယဝန်ကြီးဦးစိုးအောင်က လက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်