
နေပြည်တော် ဇွန် ၂၈
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၆/၂၀၂၄) ကြိမ် မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၈) အစည်းအဝေးခန်းမ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး မြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဆောင် ရွက်ဆဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှု ကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ သတ္တုတူးဖော်ရေး ကဏ္ဍတို့မှ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် သုံးခုကို ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၈၉ ဒသမ ၁၄၆ သန်းနှင့် ကျပ်သန်း ၂၇၅၀၀ ဖြစ်၍ ပြည်တွင်း အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၂၀၆ ဦးကို ဖန်တီး ပေးနိုင်မည်ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ မေလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများ ဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများ မှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေး ကဏ္ဍ ၁၂ ခု အနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများ မှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၃ ရာခိုင်နှုန်းဖြင့် လည်း ကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍ တွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထား ကြသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာ သည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက် များကို စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများ ကိုလည်းကောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုး ကူညီ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်