မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ ကိုဗစ်-၁၉ ချေးငွေအစီအစဉ်ဖြင့် ဒုတိယအကြိမ် ချေးငွေရရှိရေးဆိုင်ရာ အစည်းအဝေး တက်ရောက်


 

နေပြည်တော် နိုဝင်ဘာ ၁၉


အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့မှ ကိုဗစ်-၁၉ ချေးငွေအစီအစဉ်ဖြင့် ဒုတိယအကြိမ် ချေးငွေရရှိရေးဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ တွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပ သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ တော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော် မောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ မြန်မာနိုင်ငံတော် ဗဟို ဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်၊ မြန်မာနိုင်ငံဆိုင်ရာ IMF မစ်ရှင်အဖွဲ့ ခေါင်းဆောင် Mr. Shanaka Jayanath Peiris ၊ IMF အရှေ့တောင်အာရှမဲပေးအုပ်စုအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Ms. Alisara Mahasandana ၊ မြန်မာ နိုင်ငံဆိုင်ရာ IMF ဌာနေကိုယ်စားလှယ် Mr. Neil Saker နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနမှ အဆင့်မြင့် အရာထမ်းများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကမ္ဘာ့စီးပွား ရေးအပေါ် ကိုဗစ်-၁၉ ၏ သက်ရောက် မှုအခြေအနေများ၊ COVID-19 (Rapid Credit Facility & Rapid Financing Instrument) ချေးငွေအစီအစဉ်ဖြင့် ဒုတိယအကြိမ်ချေးငွေ ဆက်လက်ရရှိ ရေးဆိုင်ရာ ကိစ္စရပ်များ ဖြစ်သည့် ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် သက်ရောက်နိုင်မှု၊ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ တိုးတက်ပြောင်းလဲမှု၊ ကိုဗစ်-၁၉ ကာလနောက်ပိုင်းဖြစ် ပေါ်လာနိုင် သည့် မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်၊ ငွေကြေးဖောင်းပွမှု၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် စီးပွားရေးစနစ် အတွင်း ငွေဖြစ်လွယ်မှု၊ ကုန်သွယ်မှု လိုငွေအခြေအနေ၊ သာမန်စာရင်း လိုငွေပြမှု၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားသုံး သီးသန့်ငွေ သိသာစွာမြင့်တက်လာမှု၊ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍ အခြေအနေနှင့် ဆက်လက်ဆောင် ရွက်ရမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ Financial Sector တွင် လတ်တလော ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ IMF မှဆက်လက်ကူညီ ပံ့ပိုးပေးနိုင်မည့် အခြေအနေများ၊ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်အတွင်း အသုံးစရိတ်တိုးမြှင့်ခြင်းအပေါ် အကျိုး သက်ရောက်မှုများ၊ ဘဏ္ဍာရေး ဖြည့်စွက်ရန်ပုံငွေ လိုအပ်မှု၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု၊ ဘတ်ဂျက် လိုငွေအား မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှ ဖြည့်ဆည်းပေးနိုင်မှု အခြေအနေ တို့ကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်