မြန်မာဖူဆယ်အသင်း အာဆီယံ ဖူဆယ် ပြိုင်ပွဲ အုပ်စုပထမပွဲအဖြစ် ဗီယက်နမ်နှင့် ကစားရမည်

 

ရန်ကုန်   ဧပြီ   ၃


ထိုင်းနိုင်ငံ၌  ကျင်းပလျက်ရှိသည့်  ၂၀၂၂ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ  အုပ်စုပွဲစဉ်များကို ဧပြီ ၄ ရက် (ယနေ့)  ဆက်လက်ကျင်းပမည်ဖြစ်ပြီး   မြန်မာအသင်းသည်  ဗီယက်နမ်အသင်းနှင့်  စတင်ကစားရမည်ဖြစ်သည်။

 


ပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပလျက်ရှိပြီး  အုပ်စု (က) တွင်    လက်ရှိချန်ပီယံ  ထိုင်း၊  မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အုပ်စု (ခ) တွင်  ဗီယက်နမ်၊ မြန်မာ၊ တီမောနှင့်  သြစတြေးလျအသင်းတို့  ပါဝင်နေသည်။ အုပ်စုပွဲစဉ်များကို ဧပြီ ၂ ရက်တွင်   စတင်ကျင်းပခဲ့သော်လည်း   အုပ်စု (က) ပွဲစဉ်များကိုသာ  ပြုလုပ်နေကာ  မြန်မာအသင်းပါဝင် သော အုပ်စု  (ခ)  ပွဲစဉ်များကို ဧပြီ   ၄ ရက်မှ စတင်ကျင်းပခြင်းဖြစ်သည်။  ဧပြီ  ၄  ရက် တွင်  အုပ်စုပွဲများအဖြစ်   မြန်မာစံတော်ချိန်  နံနက် ၁၀ နာရီခွဲတွင်  ဗီယက်နမ်နှင့် မြန်မာ၊  မွန်းလွဲ  ၁၂  နာရီခွဲတွင်   တီမောနှင့်    သြစတြေးလျ၊   မွန်းလွဲ  ၂  နာရီခွဲတွင်   အင်ဒိုနီးရှားနှင့်   မလေးရှား၊  ညနေ ၄   နာရီခွဲတွင်   ဘရူနိုင်းနှင့်  ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည်   ဆီမီးဖိုင်နယ်တက်ရောက်ရန်  ဗီယက်နမ်၊ သြစတြေးလျတို့နှင့်    အဓိကယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပထမပွဲတွင် ဗီယက်နမ်၊  ဒုတိယပွဲတွင်  သြစတြေးလျတို့နှင့်   တွေ့ဆုံနေရာ  ယင်းနှစ်ပွဲမှာ   အရေးပါလျက်ရှိသည်။   ဧပြီ ၂  ရက် က  ကျင်းပသည့်ပွဲစဉ်များတွင် မလေးရှားက ကမ္ဘောဒီးယားကို  ခုနစ်ဂိုး - ခြောက်ဂိုး၊  ထိုင်းက  ဘရူနိုင်းကို ၁၃ ဂိုး - ဂိုးမရှိ၊ ဧပြီ ၃  ရက်က   ကျင်းပသည့်ပွဲတွင်  ထိုင်းက ကမ္ဘောဒီးယားကို ၁၆ ဂိုး - ဂိုးမရှိ၊  အင်ဒိုနီးရှားက  ဘရူနိုင်းကို  ၁၂ ဂိုး -  ဂိုးမရှိတို့ဖြင့် အနိုင်ရထားသည်။

 


ဧပြီ ၄ ရက်စတင်မည့်   အုပ်စု (ခ)   အတွက်  ပွဲကြိုသတင်းစာရှင်းလင်းပွဲကို   ဧပြီ  ၃ ရက်က ပြုလုပ်ခဲ့သည်။    မြန်မာအသင်းနည်းပြချုပ်  ထိုင်းနိုင်ငံသား  ဘန်လက်ချာယိုဝန်က “ကျွန်တော်တို့  အုပ်စုမှာ ဗီယက်နမ်၊  ဩစတြေးလျတို့လို အသင်းတွေပါဝင်တာကြောင့် ဒီအုပ်စုက ခက်ခဲမယ့်  အုပ်စုပါ။ ကျွန်တော်တို့အတွက် ဗီယက်နမ်အသင်းက ဩစတြေးလျ အသင်းထက်  ကစားရတာ  ပိုခက်ခဲပါလိမ့်မယ်” ဟု ပြောသည်။                          

ရဲရင့်လွင်